DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ်ကို ဗုံးကြဲသည့် ရဟတ်ယာဥ် တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်သဖြင့် အရေးပေါ် ဆင်းသက်ခဲ့ရ
DVB
·
April 28, 2025
ကလေးမြို့နယ်ကို ဗုံးကြဲသည့် ရဟတ်ယာဥ် တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်သဖြင့် အရေးပေါ် ဆင်းသက်ခဲ့ရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က ဧပြီ ၂၆ ရက် ညနေပိုင်းက စတင်ကာ ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကလေးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ကလေးမြို့နယ် ပအဖ) ဆီကနေ သိရပါတယ်။

ကလေးမြို့နယ် ပအဖရဲ့ လူသားစာနာတာဝန်ခံက “ကလေးမြို့နယ်ထဲက ရွာ ၆ ရွာကို ၂ ရက်ဆက်တိုက် ဂျက်ဖိုက်တာတွေ၊ Y12 လေယာဥ်တွေ၊ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဥ်တွေနဲ့  ဗုံးအလုံး ၃၀ ကျော် ၄၀ နီးပါးလောက် ကြဲချသွားခဲ့တာပါ။ ပြည်သူ ၅ ယောက်ထက်မနည်း သေဆုံးတယ်ဆိုတာတော့ သတင်းရတယ်။ ဘုန်းကြီးကျောင်းတွေ၊ လူနေအိမ်တွေလည်း ပျက်စီးတယ်ဆိုတာတော့ သိရတယ်။ အဲဒီရွာတွေဘက်မှာ ဖုန်းလိုင်းတွေ အဖြတ်ခံထားရတော့ မြေပြင်နဲ့ ဆက်သွယ်ဖို့ ခက်ခဲနေတာရယ်၊ အဲဒီရွာတွေက ပြည်သူတွေ ပြေးလွှားနေကြရတာရယ်တွေကြောင့်မို့ မြေပြင်နဲ့ ဆက်သွယ်ဖို့ ခက်ခဲနေလို့ အတိအကျ မပြောနိုင်သေးတာ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဧပြီ ၂၆ ရက် ညနေပိုင်းမှာ ကလေးမြို့နယ်ထဲက နတ်ချောင်းကျေးရွာ၊ နတ်မြောင်းကျေးရွာ၊ ချောင်းခွကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဧပြီ ၂၇ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာလည်း ကလေးမြို့နယ်တောင်ပိုင်းက အောင်ချမ်းသာကျေးရွာနဲ့ ငါးဖားကျေးရွာတွေအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ဧပြီ ၂၇ ရက် မနက် ၁၁ နာရီဝန်းကျင်မှာတော့ ဗုံးကြဲတိုက်ခိုက်ပြီး လှည့်ပတ်ပျံသန်းနေတဲ့ စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဥ် ၁ စီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြန်လည်ပစ်ခတ်ခဲ့ကြသေးတယ်လို့ သိရပါတယ်။

ကလေးမြို့တောင်ပိုင်း တော်လှန်ရေးတပ်ဖွဲ့ရဲ့တာဝန်ခံတယောက်က “ကလေးတောင်ပိုင်းက ရွာတွေကို ပတ်ပြီး ဗုံးကြဲနေတဲ့ Mi 35 P အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဥ်ကို အောက်ကနေ ပွိုင့်ဖိုက်နဲ့ပစ်တာ။ ရဟတ်ယာဥ်ရဲ့အနောက်ခြမ်းကို ထိပြီးတော့ မီးခိုးတလူလူနဲ့ ဟံသာဝတီပျူရွာထဲကို အရေးပေါ်ဆင်းသွားတယ်။ အခုညပိုင်းအထိတော့ ပြန်တက်လာတာ မမြင်သေးဘူး။ မြင်လို့ လက်လှမ်းမီရင်လည်း ထပ်ပစ်မှာ။ အခြေအနေငြိမ်သက်ရင်တော့ သက်ဆိုင်တဲ့အဖွဲ့တွေဘက်က အတိအကျ သတင်းထုတ်ပြန်ပေးပါလိမ့်မယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အခုနှစ်ထဲမှာ တော်လှန်ရေးအင်အားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲကို လေကြောင်းတိုက်ခိုက်တာတွေဟာ အရင်နှစ်ကထက် သိသိသာသာ တိုးမြှင့်လုပ်ဆောင်လာနေပြီး စစ်ရေးနဲ့ မသက်ဆိုင်တဲ့ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေကာ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတယ်လို့လည်း  စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013