
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဝင်းကဖော်ရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲပြီး မြေးအဘွား ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၂၇ ရက် ဒီနေ့မနက် ၁၁ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီက ဝင်းကဖော်ရွာကို လေကြောင်းနဲ့ ဗုံးသီး ၂ လုံးချတိုက်ခိုက်ပြီး စက်သေနတ်နဲ့လည်း ပစ်ခတ်သွားတာပါ။
ဒေသခံတယောက်က “ဗုံးကြဲပြီးမှ စက်သေနတ်နဲ့ ပစ်သွားတာပါ။ ဗုံးချတဲ့အချိန်မှာ မြေးမှာ လာထိတယ်။ အဘွားဖြစ်သူက မေ့လဲသွားတယ်။ ဒဏ်ရာကတော့ မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။
သရက်ချောင်းမြို့နယ်၊ ဝင်းကဖော်ရွာနဲ့ ၆ မိုင်လောက်အကွာရှိတဲ့ ဝင်းဝရွာရဲစခန်းမှာ စစ်ကောင်စီနဲ့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တို့ နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်ကလည်း နေ့လယ်ပိုင်း၊ မွန်းလွဲပိုင်းနဲ့ ညပိုင်းမှာ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ကျေးရွာအုပ်စုက မင်းဒပ်၊ ကမြိုင်၊ ဝဲရစ် စတဲ့ကျေးရွာတို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။