
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝင်းဝစခန်းသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ သရက်နှစ်ခွဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးအလုံး ၁၀၀ ကျော် အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း၊ T5 Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေက သရက်ချောင်းမြို့ရဲ့ တောင်ဘက် မင်းဒပ်ရွာအတွင်း နှစ်ပေါင်း ၃၀ ကျော် အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ဝင်းဝတပ်စခန်းကို ဖေဖော်ဝါရီ ၇ ရက်က စတင်တိုက်ခိုက်ခဲ့ပြီး မတ် ၁၁ ရက်မှာ အပြီးသိမ်းပိုက်နိုင်ခဲ့တာပါ။
အဆိုပါ စခန်းသိမ်းတိုက်ပွဲကာလမှာ တော်လှန်ရေးတပ်ဖွဲ့တွေက သရက်ချောင်းမြို့ပေါ် စစ်ကောင်စီရဲ့ သရက်နှစ်ခွဂိတ်ကို ဒရုန်းနဲ့ ဗုံးအလုံး ၁၀၀ ကျော် နေ့ရောညပါ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိပေမဲ့ အသေးစိတ်ကိုတော့ အတည်မပြုရသေးဘူးလို့ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းဆီက သိရပါတယ်။
ဝင်းဝစခန်းကို သိမ်းပိုက်ပြီးနောက် မြေပြင်အခြေအနေတွေနဲ့ ပတ်သက်ပြီး PDF ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း တပ်ရင်းမှူး ရဲဘော်မင်းသားကြီးက “ဝင်းဝစခန်းမှ ဆုတ်ခွာ ထွက်ပြေးလာတဲ့ စကစစစ်ကြောင်းနဲ့ နေ့စဥ် ထိတွေ့တိုက်ပွဲ ဖြစ်နေပါသေးတယ်။ စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေလည်း နေ့စဥ်ရှိနေတယ်” လို့ ပြောပါတယ်။
အဆိုပါစစ်ဆင်ရေးကို ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း T5 Wings ဒရုန်းတပ်ဖွဲ့၊ ဒေါင်းညီနောင်စစ်ကြောင်း-PBDF ဒရုန်းတပ်ဖွဲ့နဲ့ Dragon Squad 2 TNI ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။










