
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ် လေကြောင်းကတိုက်ခိုက်လို့ ပန်းတောကြီးကျေးရွာက ရွှေဆံတော်ဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ဧပြီ ၂၆ ရက် မွန်းတည့် ၁၂ နာရီအချိန်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုင်တာကြောင့် လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာကအထင်ကရ ရွှေဆံတော်ဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ်တွေပေါ်ကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲပြီး မီးလောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
ဒေသခံတယောက်က “တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ ရွာထဲဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ ဘုန်းကြီးကျောင်း က မီးထလောင်ပြီး အကုန်ကုန်သွားတာပဲ။ အခု ဘုန်းတော်ကြီးကျောင်းက တိုင်ငုတ်တွေပဲ ကျန်တော့တယ်။ ရွာထဲက အိမ်တွေလည်း မနည်းပါသွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် လေယာဉ်နဲ့ပါ ဗုံးကြဲတာကြောင့် မီးလောင်အားကောင်းခဲ့တာဖြစ်ပြီး ဧပြီ ၂၆ ရက် တရက်တည်းမှာ ပန်းတောကြီးကို ၅ ကြိမ်၊ မြို့ကုန်းရွာကို ၃ ကြိမ်၊ ငှက်ပျောတောကို ၂ ကြိမ်၊ စမ်းကုန်းတုန်းတောဝန်းကျင်ကို ၂ ကြိမ် လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပန်းတောကြီးရွာသားတယောက်က “ဆီဆုံကုန်းဘက်က လှမ်းပစ်တဲ့ လက်နက်ကြီးထိမှန်လို့ ပန်းတောကြီးရွာက ဘုန်းကြီးကျောင်းပျက်စီးတာ။ အဲဒီ ဘုန်းကြီးကျောင်းက ပန်းတောကြီးနဲ့ မြို့ကုန်းရွာအကြား ကုန်းပေါ်မှ တည်ထားတဲ့ကျောင်းပါ။ ကျွန်းတိုင်ကြီးတွေနဲ့ တည်ဆောက်ထားတဲ့ ခမ်းနားတဲ့ သာသနိကအဆောက်အဦတခု ဖြစ်ပါတယ်။ သဘာဝဘေးကြောင့် မဟုတ်ဘဲ စစ်ဘေးကြောင့် ပျက်စီးရတာ စိတ်ထဲမကောင်းဘူး” လို့ ပြောပါတယ်။
ပုသိမ်-မုံရွာ ကမ်းလမ်းအရှေ့ဘက်ခြမ်းမှာရှိတဲ့ ပန်းတောကြီးရွာကို ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ အာရက္ခတပ်တော် AA က ဝင်ရောက်စီးနင်းပြီးနောက်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ အကြိမ် ၃၀ ကျော် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့လည်း နေ့တိုင်း ပစ်ခတ်နေခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းတို့နဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေရဲ့ နေအိမ်တွေနဲ့ ရွှေဆံတော်ဘုန်းကြီးကျောင်း ပျက်စီးခဲ့ရပေမယ့် သီတင်းသုံးနေတဲ့ ဆရာတော်ကြီး အပါအဝင် သံဃာတွေနဲ့ အရပ်သားတွေဟာ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေတာကြောင့် လူတွေကိုထိခိုက်မရှိဘူးလို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပန်းတောကြီး ရွှေဆံတော် ဘုန်းကြီးကျောင်းအပြင် မြို့ကုန်းရွာနဲ့ သရက်ကုန်းရွာအကြားမှာရှိတဲ့ ဖောင်တော်ဦးစေတီ ပျက်စီးခဲ့ပြီး စက်စက်ယိုကျေးရွာမှာရှိတဲ့ စိတ္တသုခ ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားပြီလို့ သိရပါတယ်။