
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲကို ဧပြီ ၂၅ ရက်က စစ်ကြောင်းထိုးကာ ထိုးစစ်ဆင် ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြလို့ စစ်သား ၂၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြတယ်လို့ စစ်ကိုင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
စစ်ကိုင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “စစ်ကိုင်းမြို့နယ်ထဲက မင်းကွန်းဒေသ ပဒူရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ ခြေလျင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ သူတို့ဘက်က အသေအပျောက် ဒဏ်ရာရတဲ့သူ များတယ်။ ကျနော်တို့ဘက်က လက်နက်ခဲယမ်းတွေ ရတာရှိပြီးတော့ သုံ့ပန်းတွေလည်း အရှင်မိတာတွေ ရှိထားတယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ တပ်မ ၃၃ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ အင်အား ၅၀ နီးပါးပါဝင်ကာ တိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ ၂၀ ကျော် သေဆုံးကာ အများအပြားဒဏ်ရာရရှိပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ခံက “မြေပြင်က တိုက်ခိုက်ရေးအဖွဲ့တွေဘက်က သတင်းထုတ်ပြန်လာမှ ကျနော်က ဖြေပေးတာ ပိုကောင်းပါတယ်။ ဒါပေမဲ့ အဲဒီဖြစ်စဥ်ကတော့ အမှန်တကယ်ဖြစ်တာပါ။ အဲဒီစစ်ကြောင်းကတော့ သေတဲ့ကောင်တွေ၊ ဒဏ်ရာရတဲ့ကောင်တွေနဲ့ ထွက်ပြေးတဲ့ကောင်တွေ ပေါင်းလိုက်ရင် စစ်ကြောင်းတကြောင်းလုံး ပြုတ်တယ်။ အခု လက်ရှိအခြေအနေအရလည်း စစ်တပ်ဘက်က အင်အားတွေတိုးပြီး စစ်ကြောင်းပြန်ထိုးနေလို့ ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်” လို့ DVB ကို ပြောပါတယ်။
တိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သလို DVB ကလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကိုင်းတိုင်းအတွင်း မြေပြင်မှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်တတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကာကွယ်ရေးအစီအမံတွေ စနစ်တကျပြုလုပ်ထားကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က နှိုးဆော်ထားပါတယ်။