
တူရကီနိုင်ငံ အရှေ့တောင်ပိုင်း၊ ရှန်လီဖှာပြည်နယ်၊ ဆီဗဲရက်ခ်ခရိုင်ရှိ အာမက်ကိုယွန်ကျူ သက်မွေးပညာအထက်တန်းကျောင်းမှာ ဆယ်ကျော်သက် လူငယ်တယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေ အပါအဝင် အနည်းဆုံး ၁၆ ယောက် ဒဏ်ရာရသွားတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဟာဆန်ဆီလ်ဒက်က ဧပြီ ၁၄ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူး ဆီလ်ဒက်က “အသက် ၁၉ နှစ်အရွယ် အဲဒီကျောင်းသားဟောင်းဟာ ကျောင်းထဲကို Pump-action အမျိုးအစား ပြောင်းချော ရိုင်ဖယ်သေနတ် တလက်နဲ့ ဝင်လာပြီး စတင်ပစ်ခတ်ခဲ့တာကြောင့် ဆရာ ၄ ယောက်၊ ကျောင်းသား ၁၀ ယောက်၊ ရဲအရာရှိ တယောက်နဲ့ စားသောက်ဆိုင်ဝန်ထမ်း တယောက်၊ စုစုပေါင်း ၁၆ ယောက်ဒဏ်ရာရခဲ့ပါတယ်။ ကံကောင်းတာက သေဆုံးသူတော့ မရှိပါဘူး” လို့ ပြောဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသွားသူတွေကို ဆီဗဲရက်ခ်ခရိုင်ထဲက ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ပေးထားပြီး ဒဏ်ရာရသူတွေထဲက အခြေအနေ နည်းနည်းစိုးရိမ်ရတဲ့ ဆရာ ၂ ယောက်နဲ့ ကျောင်းသား ၂ ယောက်ကိုတော့ မြို့လယ်က ဆေးရုံတွေကို ပြောင်းရွှေ့ကုသပေးနေပါတယ်လို့ ဆီလ်ဒက်က ဆိုပါတယ်။
အခုအချိန်အထိ ဒဏ်ရာရသူတွေထဲက ၁၂ ယောက်ဟာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။
အဲဒီလူငယ်ကို ရဲတပ်ဖွဲ့က ကျောင်းထဲမှာတင် ပိတ်ဆို့ဖမ်းဆီးဖို့ ကြိုးစားချိန်မှာတော့ သူက ကိုယ့်ကိုယ်ကိုယ် ပြန်ပစ်ခတ်ပြီး အဆုံးစီရင်သွားခဲ့ပါတယ်။
သူသေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သလို ကျောင်းသားတွေကိုလည်း ကျောင်းထဲကနေ အမြန်ဆုံး ဘေးကင်းရာကို ရွှေ့ပြောင်းပေးခဲ့ပါတယ်လို့ ဆီလ်ဒက်က ပြောပါတယ်။










