
ရန်ကုန်မြို့မှာ ၄ နာရီလာ၊ ၄ နာ ရီပျက်မယ်လို့ ကြေညာထားပေမဲ့ တကယ်တမ်းမှာ အချိန်ဇယားအတိုင်း မဟုတ်ဘဲ ပိုပျက်နေတာကြောင့် အပူဒဏ်နဲ့ ရေတင်မရတာကြောင့် အခက်အခဲ ကြုံနေကြရပါတယ်။
ရန်ကုန်က မြို့နယ်အများစုမှာ ၄ နာရီခြား အလှည့်ကျ မီးပေးမယ်လို့ စစ်အုပ်စုရဲ့ လျှပ်စစ်ဌာနက ပြောထားပေမဲ့ တကယ်တမ်းမှာတော့ ပြောထားတဲ့အချိန်ထက် ပိုပြီး မီးပြတ်နေတာကြောင့် အိမ်ရှင်မတွေ၊ ဒေသခံတွေအတွက် နေ့စဉ်ဘဝမှာ အတော်လေး ဒုက္ခရောက်နေကြရတာပါ။ မင်္ဂလာတောင်ညွန့်မှာ နေတဲ့ ဒေါ်အေး (အမည်လွှဲ) ကတော့ မီးပျက်တာကို နေသားကျနေပေမဲ့ အချိန်တိတိကျကျတော့ လာစေချင်တယ်လို့ ပြောပါတယ်။
“နေသားကျနေပါပြီ၊ အမေတို့က နေသားကျနေပါပြီ၊ အချိန်ကိုကွာ ငါးနာရီလာမယ်၊ ငါးနာရီပျက်မယ်၊ ကိုးနာရီလာမယ်၊ ကိုးနာရီပျက်မယ် အချိန်မှန်မှန် တိတိကျကျဆိုရင် နေသားကျသွားပြီ။ အဲလို မဟုတ်ဘူးကွာ၊ ငါးနာရီလာမယ်လို့ ပြောထားပြီးတော့ ငါးနာရီ မလာဘူးဆိုရင်တော့ နေရထိုင်ရတာ ဒေါသရော ပူတာရော ရှုပ်ကုန်တာပေါ့နော်။"
မရမ်းကုန်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ပုဇွန်တောင်၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ကြည့်မြင်တိုင်၊ သင်္ဃန်းကျွန်းနဲ့ စမ်းချောင်း စတဲ့ မြို့နယ်တွေက ရပ်ကွက်တချို့မှာဆိုရင် မီးပြတ်ချိန်များလို့ ရေမတင်နိုင်တဲ့အတွက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကတောင် အဲဒီ ရပ်ကွက်တွေဆီကို သောက်သုံးရေ လိုက်လှူနေရပါတယ်။
မီးလာတုန်း ရေတင်ပေမဲ့ မီးပြတ်ခါနီးမှ ရေကလာလို့ အခက်တွေ့ရတယ်လို့ သင်္ဃန်းကျွန်းနေ ဒေသခံယောက်က DVB ကို ပြောပါတယ်။
မင်္ဂလာတောင်ညွန့်က အိမ်ရှင်မတယောက်ဖြစ်တဲ့ ဒေါ်မြ (အမည်လွှဲ) ကလည်း မီးလာချိန်မှာ ပြုံမသုံးဖို့ တာဝန်ရှိသူတွေက ပြောနေတာနဲ့ ပတ်သက်ပြီး အခုလိုပဲ မေးခွန်းထုတ်ထားပါတယ်။
“ပြောတဲ့အတိုင်းပျက်၊ ကိစ္စမရှိဘူး။ ညနေ ငါးနာရီပျက်မယ်ဆို ပျက်၊ ဟုတ်တယ်မလား၊ ၁ နာရီ လာမယ်ဆို လာ၊ သူတို့ပြောတဲ့အတိုင်း အသားကျနေတာ၊ ပြောတဲ့အတိုင်း မဟုတ်ဘဲနဲ့ ပိုပိုခိုးခိုးပျက်နေတာကို ဒေါသထွက်တာ။ သူတို့က မီးပေးတဲ့အချိန်မှာ ပြုံမသုံးပါနဲ့တဲ့၊ မီးပေးတဲ့အချိန် ပြုံမသုံးလို့ ဘယ်လို လုပ်ရမလဲ၊ မီးပေးတဲ့အချိန် ချက်ရတာ၊ ရေတင်ရတာ၊ အဝတ်လျှော်ရတာ၊ မီးလာပြီဆိုရင် အဲကွန်းသံရော၊ ပူတာကလည်း တအားကိုး။ အဲကွန်းသံရော၊ ရေမော်တာသံတွေရော၊ ချက်ကြ၊ ပြုတ်ကြ၊ အဝတ်လျှော်စက်လှိမ့်ကြ၊ သူတို့က ပြုံမသုံးနဲ့ဆို၊ ပြုံမသုံးတော့ ဘယ်လိုသုံးရမှာတုန်း၊ နားကိုမလည်ဘူး၊ ရှင်းပြစမ်းပါလို့ပဲ သူတို့ကိုပဲ မေးလိုက်ချင်တယ်။”
စစ်အုပ်စုရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကတော့ နွေရာသီရောက်လာလို့ လျှပ်စစ်သုံးစွဲမှု မြင့်တက်လာတဲ့အတွက် မတ်လကနေ ဇွန်လအထိ ၄ လကြာ ဝန်အားထိန်းညှိပြီး ခွဲဝေဖြန့်ဖြူးပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ မြေပြင်မှာတော့ အချိန်ဇယားတွေ မမှန်တဲ့အတွက် ရန်ကုန်ပြည်သူတွေဟာ ပူပြင်းတဲ့ နွေရာသီမှာ မီးဒုက္ခ၊ ရေဒုက္ခတွေကို နေ့စဉ်နဲ့အမျှ ခက်ခက်ခဲခဲ ရင်ဆိုင်ဖြတ်သန်းနေကြရပါတယ်။











