DVB Logo
Home
နိုင်ငံတကာ
ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့ပွဲတော်အတွင်း ကားတစီးက လူအုပ်ကို ဝင်တိုက်၊ အနည်းဆုံး ၈ ဦး သေဆုံး 
DVB
·
April 27, 2025
ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့ပွဲတော်အတွင်း ကားတစီးက လူအုပ်ကို ဝင်တိုက်၊ အနည်းဆုံး ၈ ဦး သေဆုံး 
Donate to DVB

ကနေဒါနိုင်ငံအနောက်ပိုင်း၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗန်ကူးဗားမြို့မှာ ကျင်းပတဲ့ ဖိလစ်ပိုင် ပွဲတော်တခုမှာ ကားတစီးက လူအုပ်ကို ကားနဲ့ဝင်တိုက်သွားလို့  လူအများအပြားသေဆုံး ဒဏ်ရာရခဲ့တယ်လို့ ဗန်ကူးဗားရဲတပ်ဖွဲ့က  ပြောပါတယ်။

ဒေသစံတော်ချိန် ဧပြီ ၂၆ ရက် ည ၈ နာရီလောက်က  ဗန်ကူးဗားမြို့မှာ ကျင်းပနေတဲ့ ဖိလစ်ပိုင် ရိုးရာ လာပူလာပူ ပွဲတော်မှာ  လာရောက်လည်ပတ်သူတွေ၊ ဈေးသည်တွေနဲ့  စည်ကားရာ လမ်းထဲကို အနက်ရောင်  Audi SUV ကားနဲ့  ဝင်တိုက်သွားခဲ့တာဖြစ်ပါတယ်။ 

ကနဦးသတင်းတွေအရ အနည်းဆုံး  လူ ၈ ယောက် သေဆုံးပြီး ကလေးငယ် အပါအဝင် အနည်းဆုံး ၆ ယောက် ဒဏ်ရာရသွားတယ်လို့  Global News ကနေဒါသတင်းမှာ ဖော်ပြပါတယ်။    

ယာဉ်မောင်း အမျိုးသားတယောက်ကို  ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရဲတပ်ဖွဲ့က ဆိုရှယ်မီဒီယာ ပလက်ဖောင်း X မှာ ရေးသားဖော်ပြခဲ့ပါတယ်။ 

ဒီဖြစ်ရပ်ကြောင့် ထိတ်လန့်ပြီး အလွန်စိတ်မကောင်း ဖြစ်မိတယ်လို့  ဗန်ကူးဗား မြို့တော်ဝန် ကဲန်းဆင်းမ်က ပြောပါတယ်။

ဗြိတိသျှကိုလံဘီယာပြည်နယ်ဝန်ကြီးချုပ် ဒေးဗစ်အဘီကလည်း သူ့ရုံးဟာ ဗန်ကူးဗား အာဏာပိုင်တွေနဲ့ ဆက်သွယ်နေပြီး လိုအပ်တာတွေ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။ 

ကနေဒါနိုင်ငံတဝန်းမှာ  ဧပြီ ၂၈ ရက် ရွေးကောက်ပွဲ ကျင်းပဖို့ရှိနေချိန်မှာ အခုလို အခင်းဖြစ်ပွားခဲ့တာ ဖြစ်ပြီး လူတွေအများအပြား ထိခိုက်သေဆုံးစေခဲ့တဲ့ ကားသမားရဲ့ ရည်ရွယ်ချက်ကိုတော့ မသိရသေးပါဘူး။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013