
ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ လမ်းလျှောက်နေသူ ၂ ယောက်ကို သေဆုံးအောင် တိုက်မိခဲ့တဲ့ ယာဉ်မောင်းကို လူသေစေမှုပုဒ်မနဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့က စက်တင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
မန္တလေးအမြန်လမ်း မိုင်တိုင် ၆၈/၄ နဲ့ ၆၈/၅ ကြား နေပြည်တော်ကနေ ရန်ကုန်ကိုအပြန်လမ်းမှာ စက်တင်ဘာ ၂၉ ရက် ည ၉ နာရီခွဲကျော်က အနက်ရောင် Toyota Noah ကားဟာ လက်ယာဘက်ယာဉ်ကြောနဲ့ကပ်လျက် မြေသားပေါ်မှာ လမ်းလျှောက်နေသူ အမျိုးသား ၂ ယောက်ကို နောက်ကဝင်တိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသား ၂ ယောက်ဟာ နေရာမှာပဲ သေဆုံးခဲ့ပြီး ယာဉ်မောင်းကတော့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ဆီကို မဆက်သွယ်သတင်းမပို့ဘဲ ယာဉ်ကိုထားပြီး ထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ယာဉ်မောင်းကို ဖမ်းဆီးရမိရေး ရှာဖွေဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ၃၀ ရက် မနက်အစောပိုင်း ၁၂ နာရီခွဲက မိုင် ၆၉/၄ နား လမ်းဘေးမှာ ကားတားပြီးထွက်ခွာဖို့ကြိုးပမ်းတုန်း ဖမ်းဆီးရမိခဲ့တာကြောင့် ဥပဒေပုဒ်မ ၃၀၄(က)/၂၀၂ နဲ့ တရားစွဲဆိုထားတယ်လို့ ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၅ ရက် မနက်အစောပိုင်း ၁၂ နာရီခွဲလောက်ကလည်း အမြန်လမ်းပေါ် နေပြည်တော်က ရန်ကုန်ဘက်အပြန်လမ်း မိုင်တိုင် ၁၇၇/၇ နဲ့ ၁၇၈/၀ ကြားမှာ လမ်းလျှောက်နေသူကို ခရီးသည်တင်ကားတစီးက တိုက်မိသေဆုံးခဲ့ပြီး ယာဉ်မောင်းက သတင်းမပို့ခဲ့တာကြောင့် အဲဒီပုဒ်မတွေနဲ့ပဲ တရားစွဲဆိုခဲ့ပါတယ်။
အမြန်လမ်းမကြီးများ ဥပဒေ အခန်း ၇၊ ပုဒ်မ ၁၃ မှာ ‘တည်ဆဲဥပဒေတရပ်ရပ်မှာ ဘယ်လိုပဲ ပါရှိပါစေ၊ အမြန်လမ်းမကြီးပေါ်မှာ မောင်းခွင့်မပြုတဲ့ မော်တော်ယာဉ်၊ လှည်းနဲ့ ဖြတ်သန်းသွားလာခွင့်မပြုတဲ့ တခြားယာဉ်တွေ မောင်းနှင်တာ၊ ရပ်နားတာ၊ လူ၊ တိရစ္ဆာန်တွေ ဖြတ်သန်းသွားလာတာကြောင့် လူနဲ့ ပစ္စည်းထိခိုက်တာ ဒါမှမဟုတ် သေဆုံးတာဖြစ်ခဲ့ရင် ဥပဒေနဲ့အညီ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမောင်းနှင်တဲ့ ယာဉ်မောင်းမှာ တာဝန်မရှိစေရလို့ ပြဋ္ဌာန်းထားပါတယ်။
ဒါပေမဲ့ အမြန်လမ်းပေါ်မှာ ယာဉ်တိုက်မှုဖြစ်ရင် အမြန်လမ်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုကို ခံယူအတည်ပြုဖို့ လိုအပ်ပြီး လူ၊ စက်ဘီး၊ ထော်လာဂျီ၊ လှည်း စတာတို့ကို တိုက်မိရင် တိုက်ခံရသူတွေဟာ အမြန်လမ်းမကြီးများဥပဒေကို ဖောက်ဖျက်သူ မှန်၊ မမှန်နဲ့ ယာဉ်မောင်းဟာ ဥပဒေနဲ့အညီ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမောင်းနှင်သူ ဟုတ်၊ မဟုတ်တို့ကို အမြန်လမ်းရဲတပ်ဖွဲ့က စစ်ဆေး အတည်ပြုမယ်လို့ ဆိုပါတယ်။
ဒါမှ စည်းကမ်းလိုက်နာပါလျက် မတော်တဆ ယာဉ်တိုက်မှုကျူးလွန်မိသူ ယာဉ်မောင်းဟာ အမြန်လမ်းမကြီးတွေဥပဒေရဲ့ အကာအကွယ်ကို ခံစားရမှာဖြစ်ပြီး တိမ်းရှောင်ထွက်ပြေးသွားရင်တော့ အကာအကွယ်ရမှာမဟုတ်ဘဲ တခြားလမ်းတွေမှာဖြစ်တဲ့ ယာဉ်တိုက်မှုလိုမျိုး ပြစ်မှုပြစ်ဒဏ်တွေ ခံစားရမယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့က ဆိုပါတယ်။
အခု တရားစွဲဆိုထားတဲ့ ပုဒ်မ ၃၀၄(က) ဟာ ၇ နှစ်အထိ ထောင်ဒဏ်ချနိုင်ပြီး ငွေဒဏ်လည်း ချနိုင်ပါတယ်။
လူသေမယ်ဆိုတာ သိလျက်နဲ့လုပ်ရင်တော့ ထောင် ၁၀ နှစ်အထိ ချနိုင်ပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ ပုဒ်မ ၂၀၂ သတင်းထိမ်ချန်မှုကတော့ ထောင် ၆ လအထိ ချနိုင်ပါတယ်။










