DVB Logo
Home
မြန်မာသတင်း
စလင်းတွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကြောင်းမှူးအပါ ၉ ဦး ထက်မနည်း သေဆုံး
DVB
·
April 27, 2025
စလင်းတွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကြောင်းမှူးအပါ ၉ ဦး ထက်မနည်း သေဆုံး
Donate to DVB

မကွေးတိုင်း၊ စလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို ဧပြီ ၂၄ ရက်မှာ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူးအပါအဝင် ၉ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဗမာ့တပ်တော် (Burma Army) ဆီကနေ သိရပါတယ်။

ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (စလင်း) ရဲ့ ပြန်ကြားရေးတာဝန်ခံက “စလင်းအနောက်ဘက် ဝမ်းပြည့်ရွာကနေ အောက်လှိုင်းရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ အရင်ပစ်ပြီး တက်လာတဲ့ စစ်​တပ်စစ်ကြောင်းကို ကျနော်တို့ စိုးမိုးနယ်မြေတွေထဲကို ဆက်ဝင်မလာနိုင်အောင် သူတို့လာတဲ့လမ်းကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာ” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဗမာ့တပ်တော် အမှတ် ၈၀၈ တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၊ ပေါက်တောင်ပိုင်း ကျန်းမာရေး နဲ့ သူနာပြုတပ်ဖွဲ့၊ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (စလင်း)၊ ဒေါင်းစစ်အောင် (LPDF)၊ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့၊ မင်းဘူးခရိုင်လက်ရုံးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဗမာ့တပ်တော်ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုထွန်း က “သူတို့ဘက်က အင်အား ၂၀၀ ဝန်းကျင်လောက် ပါတယ်။ သံချပ်ကာကား ၂ စီးလည်းပါလာတယ်။ ထိတွေ့တိုက်ပွဲကတော့ ၂ နာရီလောက် ကြာတာပေါ့။ ကျနော်တို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ၄၀ မမတွေနဲ့ ပြန်ပစ်တာ သူတို့ဘက်က စစ်ကြောင်းမှူးအဆင့်ရှိသူ အပါအဝင် ၉ ယောက် သေတယ်။ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်။ ကျနော်တို့ရဲ့ လက်နက်ကြီးက သူတို့သံချပ်ကာကား ၁ စီးကိုထိပြီး ဝမ်းပြည့်ရွာနာက ရေမြောင်းထဲ ထိုးကျသွားတယ်။ အဲဒီကားကို ပြန်ဆွဲတင်နေတုန်းမှာလည်း ကျနော်တို့ဘက်က လက်နက်ကြီးတွေနဲ့ ထပ်ပြီးတိုက်ခိုက်ခဲ့သေးလို့ သူတို့ဘက်က ထိခိုက်သေဆုံးတာတွေ ထပ်ရှိနိုင်သေးတယ်” လို့ DVB ကိုပြောပါတယ်။

ဧပြီ ၂၅ ရက်နေ့မှာတော့ စစ်ကြောင်းမှူး သေဆုံးလို့ အထိနာသွားတဲ့ အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ပြန်လည်ဆုတ်ခွာသွားကြပြီး တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တယောက်လည်း မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ နဲ့ ၂၀ ရက်နေ့တွေကလည်း စလင်းမြို့နယ်ထဲက အင်အား ၁၅၀ နီးပါးနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဗမာ့တပ်တော် (Bamar Army) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြလို့ စစ်ကောင်စီလက်အောက်ခံ ၂၀ ကျော် သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြပြီး ဧပြီ ၂၂ ရက်နေ့အထိ နှစ်ဖက် စစ်ရေးအခြေအနေတွေ တင်းမာနေခဲ့ကြတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ စလင်းမြို့နယ်ထဲကို မြေပြင်စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးတွေနဲ့  လေယာဥ်တွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေအတွင်း နေထိုင်ကြဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လေကြောင်းရန် သတိပေးချက်တွေကို နားစွင့်ထားကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သတိပေး တိုက်တွန်းထားပါတယ်။

အဆိုပါတိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရတဲ့အပေါ် သတင်းထုတ်ပြန်လာတာ မတွေ့ရသလို DVB အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013