DVB Logo
Home
မြန်မာသတင်း
ကံမ ရေနံ့သာရဲစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်၊ ရဲ ၁ ဦးနှင့် လက်နက်ခဲယမ်းများ ရရှိ
DVB
·
April 27, 2025
ကံမ ရေနံ့သာရဲစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်၊ ရဲ ၁ ဦးနှင့် လက်နက်ခဲယမ်းများ ရရှိ
Donate to DVB

မကွေးတိုင်း၊ ကံမမြို့နယ် ရေနံ့သာကျေးရွာက ရဲကင်းစခန်းကို ဧပြီ ၂၅ ရက်နေ့ မနက် ၅ နာရီဝန်းကျင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စခန်းမှူး အပါအဝင် ထွက်ပြေးသွားကြပြီး ရဲ ၁ ယောက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ သရက်ခရိုင် တပ်ရင်း ၄ ဆီကနေ သိရပါတယ်။

သရက်ခရိုင် တပ်ရင်း ၄ ရဲ့ တပ်ဖွဲ့ဝင်တယောက်က “သရက်-ကံမ-ပြည် ကားလမ်းဘေးမှာရှိတဲ့ ရေနံ့သာရွာက ရေနံ့သာရဲကင်းစခန်းကို ကျနော်တို့ သရက်ခရိုင်တပ်ရင်း ၄ က တပ်ခွဲ ၁ နဲ့ တပ်ခွဲ ၂ က ရဲဘော်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ အဲဒီ ရဲကင်းစခန်းက ကပစ ၁၂ နဲ့ ၁၃ မိုင် လောက်ပဲ ကွာဝေးတာပါ။ ဖွဲ့စည်းပုံအတော်လေးပျက်နေပြီး လက်ရှိအင်အားက ၁၇ ယောက် ဝန်းကျင်လောက်ပဲရှိနိုင်တယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ရဲကင်းစခန်းက စခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တချို့ထွက်ပြေးသွားကြပြီး ရဲတပ်ဖွဲ့ဝင် ၁ ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့သလို လက်နက်ခဲယမ်းတွေနဲ့ မော်တော်ယာဉ်တွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သရက်ခရိုင်တပ်ရင်း ၄ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ် က “ရဲကင်းစခန်းမှူးက မြတ်သွင်အောင် တဲ့။ သူအပါအဝင် ၁၇ ယောက်ရှိတယ်။ ကျနော်တို့တပ်ဖွဲ့က ရဲဘော်တွေ ဝင်တိုက်တော့ သူတို့ဘက်က ခဏလေးပဲ ပြန်တိုက်တယ်။ အဲဒါပြီးတော့ လက်နက်ချမယ် ပြောလာတာနဲ့ ဒီဘက်ကလည်း အပစ်ရပ်ပေးလိုက်တာ။ အဲဒါကိုအခွင့်ကောင်းယူပြီး စခန်းမှူး မြတ်သွင်အောင်နဲ့ သူ့တပ်ဖွဲ့ဝင်တွေက သူတို့လက်နက်တွေယူပြီး အဲဒီစခန်းနောက်က ရေနံ့သာချောင်း ကိုင်းတောတွေထဲ ထွက်ပြေးသွားကြတယ်။ ထွက်ပြေးသွားတာက မြတ်သွင်အောင် အပါအဝင် ၁၆ ယောက်ပေါ့။ သူတို့စခန်းထဲ ဝင်ရှင်းကြတော့ တပ်ကြပ်အဆင့်ရှိတဲ့ ရဲ ၁ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်။ လက်နက်တိုက်ထဲက လက်နက်ခဲယမ်းတွေနဲ့ မော်တော်ယာဉ်တွေ သိမ်းဆည်းနိုင်ခဲ့တာပေါ့။ ရဲကင်းစခန်းတခုလုံး ပြာကျအောင် မီးရှို့ပြီး ကျနော်တို့ရဲဘော်တွေ အထိအခိုက်မရှိဘဲ ပြန်ဆုတ်လာခဲ့ကြတာပါ။ တိုက်ပွဲထဲမှာ သူတို့ဘက်က မင်းတုန်း ၅ မိုင်ဂိတ်ကနေ လက်နက်ကြီး ၂ လုံး ၃ လုံးလောက် ပစ်ကူပေးခဲ့တာကလွဲပြီး ကျန်တာမရှိပါဘူး။ ထွက်ပြေးသွားတဲ့ကောင်တွေက လမ်းတွေ့တဲ့ ပြည်သူတချို့ကို ဖမ်းခေါ်သွားတယ်လို့တော့ သိထားတာ ရှိတယ်။ မသေချာသေးပါဘူး” လို့ DVB ကို ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲကနေ G3 သေနတ် ၁ လက်၊ G3 ကျည်ဘောက် ၃ ခု၊ ကျည်မျိုးစုံ ၁,၀၀၀ ကျော်နဲ့ ကား ၂ စီး၊ ဆိုင်ကယ် ၄ စီးတို့အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013