
ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးမှာ စစ်မှုထမ်းစာရင်းပါလို့ ရှောင်တိမ်းနေကြတဲ့ လူငယ်တွေထဲက သင်္ကြန်ရက်အတွင်းအိမ်ပြန်လာသူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်မှုထမ်းစာရင်းပါလို့ ၂၀၂၄ နှစ်ကုန်ပိုင်းလောက်က ရှောင်တိမ်းနေသူတွေ အိမ်ခဏပြန်လာချိန် စစ်ကောင်စီတပ်က သတင်းရပြီး နေအိမ်ထဲထိလာရောက်ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
မြို့ခံတယောက်က “ကျောင်းကြီးစုက ၂ ယောက်၊ ဘုရားဖြူက ၁ ယောက်၊ ရွှေတောင်က ၂ ယောက်။ အဲဒါကြောင့် ဧည့်စာရင်းလာစစ်တာနေမယ်” လို့ ပြောပါတယ်။
ညဘက်တွေမှာလည်း အိမ်စီးကားတွေနဲ့ ကင်းလှည့်နေကြပြီး ကံသာ၊ စိန်ပန်း၊ ရွှေတောင်၊ ရတနာသီရိ၊ ညောင်ဖြူစခန်း စတဲ့ ရပ်ကွက်တွေမှာ ည ၉ နာရီကျော် ၁၀ နာရီလောက်ကတည်းက ကင်းလှည့်တာတွေရှိတယ်လို့ သိရပါတယ်။
အဲဒီလို ကင်းလှည့်နေပေမယ့် တောင်ကြီးမြို့မှာ ဆိုင်ရှေ့ဆိုင်ကယ်ရပ်ထားရာက ပျောက်ဆုံးတာတွေ၊ နေအိမ်ထဲက ဆိုင်ကယ်တွေပါ ပျောက်ဆုံးတာတွေ ဆက်တိုက်ဖြစ်နေပြီး လုယက်တာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ခံအမျိုးသမီးတယောက်က “ဆိုင်ကယ်တွေပျောက်တာနေ့တိုင်းလိုလိုပဲ၊ အသိအမရဲ့ဆိုင်ကယ်၊ လူနဲ့ကပ်လျက်လေးကို သတိမထားမိကြဘူး။ လာခိုးတဲ့သူက ပွဲလာတဲ့ပုံစံမျိုးဝတ်လာပြီး ခိုးသွားတာ” လို့ ပြောပါတယ်။
ဆိုင်ကယ်ခိုးယူသူတွေက ဆိုင်ကယ်တစီးကို လူနှစ်ယောက်စီးရင်း ခိုးမယ့်ဆိုင်ကယ်အနားမှာ ပိုင်ရှင်လို ဟန်ဆောင်ပြီး အခြေအနေအကဲခတ်တာ၊ လူတယောက်တည်းလာရင်း လူလစ်ချိန် ဆိုင်ကယ်မောင်းပြေးတာမျိုးလုပ်ကြသလို လူရှိတဲ့နေရာတွေမှာလည်း ဆိုင်ကယ်လုယူ ထွက်ပြေးတာတွေပါ ရှိလာပါတယ်။
စစ်ကောင်စီတပ်က သင်္ကြန်ရက်လွတ်ငြိမ်းချမ်းသာခွင့်မှာ ပြစ်မှုကြောင့် အကျဉ်းကျနေတဲ့ သူတွေအများအပြားကိုလွှတ်ပေးခဲ့ပြီးနောက် အခုလို လုယက်ခိုးယူတာတွေများလာတာလို့ ဒေသခံတွေကပြောပြီး ဆိုင်ကယ်ခိုးတာအပြင် ကွမ်းယာဆိုင်၊ အိမ်ရှေ့ပန်းခြံနဲ့ ကုန်စုံဆိုင်က ပစ္စည်းတွေလည်း ခိုးယူခံနေရပါတယ်။