
ဆူဒန်နိုင်ငံ၊ နိုင်းမြစ်ပြည်နယ်မှာ ဒုက္ခသည်တွေနဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူတွေ ခိုလှုံနေထိုင်ရာ စခန်းတခုကို ဧပြီ ၂၅ ရက်မှာ အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF)က ဒရုန်းနဲ့ တိုက်ခိုက်လို့ အနည်းဆုံး လူ ၁၁ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။
ဒေသတွင်း ဓာတ်အားပေးစက်ရုံကို ၄ ကြိမ်မြောက် ဖောက်ခွဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာလို့ အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ပြောဆိုပါတယ်။
ဒုံးကျည်မျိုးစုံနဲ့ တိုက်ခိုက်မှုကြောင့် တဲတချို့ မီးစွဲလောင်ခဲ့ပြီး တခြားလူ ၂၃ ယောက် ဒဏ်ရာရခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ တာဝန်ရှိက ပြောကြားပါတယ်။
ဒဏ်ရာရသူတွေထဲမှာ အနည်းဆုံး ကလေး ၉ ယောက်ကို ရိုက်တာမျက်မြင်သက်သေတွေက တွေ့ရှိခဲ့ပါတယ်။
ညနေ ၃ နာရီ ဒါမှမဟုတ် ၃ နာရီခွဲ ဝန်းကျင်လောက်မှာ ဒရုန်းတွေ ရောက်လာပြီး ပထမအကြိမ် တိုက်ခိုက်မှုဖြစ်ကြောင်း၊ နောက်ထပ် နာရီဝက်လောက်အကြာမှာ ဒရုန်းတွေ ၄ စင်းလောက် ထပ်ရောက်လာကြောင်း၊ လူတွေ အလောင်းတွေ ဖြစ်ကုန်ပြီး အပိုင်းပိုင်းပြတ်ကုန်တာလည်း တွေ့ရကြောင်း စစ်ဘေးရှောင် ဆူဒန်လူမျိုး မာဟဝဘ် မိုဟာမက်က ပြောပါတယ်။
အသက်ရှင် ကျန်ရစ်သူတွေဟာ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတာကြောင့် အဲဒီနေရာမှာ ပရမ်းပတာ အခင်းအကျင်း ဖြစ်ခဲ့ကြောင်းလည်း မျက်မြင်သက်သေတွေက ပြောပါတယ်။
တချို့ကလည်း သူတို့ပစ္စည်းတွေကို ဘတ်စ်ကားပေါ်တင်လာကာ ဒီအပျက်အစီးတွေကနေ လွတ်မြောက်ဖို့ ကူကယ်ရာမဲ့ ခံစားနေရပါတယ်။
ဆူဒန်စစ်တပ်ဟာ ဆူဒန်အလယ်ပိုင်းမှ အရန်တပ်တွေကို မောင်းထုတ်တိုက်ခိုက်နေတာကြောင့် ၂ နှစ်ကြာလာတဲ့ စစ်ပွဲမှာ တိုက်ခိုက်မှုတွေ များပြားလာခဲ့ပြီး နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုင်းကို အဟန့်အတား ဖြစ်စေခဲ့ကာ ရက်သတ္တပတ်များစွာကြာအောင် လူပေါင်းသန်းချီ မီးမှောင်မှောင်ထဲမှာ နေခဲ့ရပါတယ်။
အမြန်ထောက်ပံ့ရေး တပ်ဖွဲ့ (RSF) ဟာ ဆူဒန်စစ်တပ်ရဲ့ လက်ကျန် ခြေကုပ်စခန်းကို သိမ်းပိုက်ဖို့ တိုက်ပွဲဝင်နေပြီး အခုခါ စစ်ပွဲဟာ ဒါဖာဒေသမှာ မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ထောင်ပေါင်းများစွာသော ဒေသခံတွေဟာ သူတို့နေအိမ်တွေကနေ မောင်းထုတ်ခံကြရပါတယ်။
RSF တည်ရှိနေတဲ့ မြို့တော်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အနောက်ပိုင်း အွန်မ်ဒူရ်မန် မှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
Source:Reuters