
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့က လူစည်ကားရာနေရာမှာ နေ့ခင်းကြောင်တောင် ဆိုင်ကယ်လုယက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၂၅ ရက် မွန်းလွဲပိုင်းက အရှေ့မြို့ပတ်လမ်း အထက ၆ အနီး လမ်းဆုံမှာ အမျိုးသမီးတယောက်ဆီက လုယူတာဖြစ်ပြီး လုခံပြီးပြီးချင်း အမျိုးသမီးက အော်ဟစ်ခဲ့ပေမယ့် အနီးအနားကလူတွေ လိုက်ကြချိန်မှာ မမီလိုက်ဘူးလို့ ဆိုပါတယ်။
မျက်မြင်တယောက်က “လူအရမ်းစည်တဲ့နေရာမှာဖြစ်တာ။ ဆိုင်ကယ်ပိုင်ရှင်က ဆိုင်ကယ်ရပ်ပြီး ဆိုင်ကယ်ပေါ်ကနေဆင်းနေတုန်းပဲ အလုခံရတာ။ လုတဲ့သူက ကောင်လေးနှစ်ယောက်။ လူများတဲ့နေရာတောင် ဒီလိုလုပ်ရဲကြပြီ။ လူကိုပါ အန္တရာယ်ပေးလာမှာကကြောက်ရတယ် တော်တော်ရဲတင်းလာကြပြီ” လို့ ပြောပါတယ်။
တောင်ကြီးမြို့မှာ ဆိုင်ကယ်ခိုးတာ၊ ကားဘက်ထရီခိုးတာတွေ မကြာခဏကြုံရပေမယ့် အခုလိုမျိုး ဆိုင်ကယ်လုခံရတာကတော့ ပထမဦးဆုံး ဖြစ်တယ်လို့လည်း သိရပါတယ်။
မီးပျက်ချိန် ဓာတ်တိုင်ပေါ်ကမီးကြိုးတွေလည်း ခိုးခံရသလို ခြံဝန်းတွေထဲက ဆိုင်ကယ်၊ ရေမော်တာ၊ အိုးခွက်ပန်းကန်စတာတွေလည်း မကြာခဏ ခိုးယူခံနေရပြီး တာဝန်ရှိသူတွေအနေနဲ့ လုယက်သူနဲ့ သူခိုးတွေကို ထိထိရောက်ရောက် အရေးယူစေလိုတယ်လို့ မြို့ခံတွေက ပြောပါတယ်။