DVB Logo
Home
မြန်မာသတင်း
ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်း NUG လက်အောက်က နုတ်ထွက်စာတင်
DVB
·
April 26, 2025
ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်း NUG လက်အောက်က နုတ်ထွက်စာတင်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (MOD)၊ အမှတ် ၁ စစ်​ဒေသ၊ ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းဟာ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ကနေ နုတ်ထွက်ဖို့အတွက် ဧပြီ ၂၁ ရက်မှာ စာတင်ထားတယ်လို့ အဆိုပါတပ်ရင်းဆီကနေ သိရပါတယ်။

ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့တပ်ရင်းဟာ တပ်ရင်းကုဒ်နံပါတ် P-14402 နဲ့ MOD အောက်မှာ တခြားတပ်ရင်းတွေလိုပဲ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ထုတ်နေတာ ဖြစ်တယ်။ MOD ဘက်က လက်နက်ခဲယမ်းနဲ့ ငွေကြေးထောက်ပံ့မှုတွေကတော့ ရပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ MOD လက်အောက်က တပ်ရင်းတွေချင်း အတူတူပေမဲ့ ခွဲခြားဆက်ဆံခံလာရတာတွေ ရှိတယ်။ အဲဒါ​တွေကြောင့် နုတ်ထွက်စာတင်ရတာပါ” လို့ ပြောပါတယ်။

အဲဒီနုတ်ထွက်စာကိုဧပြီ ၂၁ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနဆီကို တိုက်ရိုက်တင်ပြထားခဲ့ပေမဲ့ ဧပြီ ၂၂ ရက်အထိ အကြောင်းပြန်စာ မရသေးဘူးလို့လည်း ဆိုပါတယ်။

ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူး ကိုစစ်နိုင်က “အခုထိတော့ အကြောင်းပြန်လာတာ မရှိသေးဘူး။ နုတ်ထွက်ခွင့်ပြုတဲ့အကြောင်း ပြန်လာရင်တော့ တပ်ရင်းကို ပေးထားတဲ့ သေနတ် ၄၅ လက်ကိုလည်း ပြန်အပ်မှာပါ။ အခုလို NUG ရဲ့ MOD လက်အောက်ကနေ နုတ်ထွက်လိုက်ပေမဲ့လည်း ကျနော်တို့အဖွဲ့ရဲ့ တော်လှန်ရေး လုပ်ငန်းစဥ်တွေက ရပ်သွားမှာမဟုတ်ပါဘူး။ အရင်လို Local PDF အနေနဲ့ပဲ တခြားမဟာမိတ်တွေနဲ့ အတူလက်တွဲပြီးတော့ စစ်အာဏာရှင်ကို ဆက်လက်တွန်းလှန်သွားမှာပါ။ နုတ်ထွက်ခွင့်ကျလာရင်တော့ လတ်တလောအနေနဲ့ ဓနုတပ်တော်နဲ့ မဟာမိတ်ပူးပေါင်းပြီး ဆက်လက်တိုက်ပွဲဝင်ဖို့တော့ ဆုံးဖြတ်ထားတာရှိတယ်” လို့ DVB ကို ပြောပါတယ်။

ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းအနေနဲ့ တပ်ရင်းတည်ထောင်ပြီးချိန်ကစလို့ ၁၀၂၇ ရှမ်းမန်းစစ်ဆင်ရေး အပါအဝင် ရှမ်းပြည်နယ်၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတွေထဲမှာ MNDAA အပါအဝင် တခြားမဟာမိတ်တပ်ဖွဲ့တွေနဲ့ အတူပူးပေါင်းကာ တိုက်ပွဲပေါင်း ၅၀ ကျော် ပါဝင်ဆင်နွှဲခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းဟာ စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်က Local PDF အဖြစ် စတင်ခဲ့ပြီး ၂၀၂၃ ဖေဖော်ဝါရီလကုန်ပိုင်းမှာတော့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းအဖြစ် ရပ်တည်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ ကတော့ ဧပြီ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ အသွင်ကူးပြောင်းရေးကာလ အစိုးရသစ်တရပ် ရှေ့တိုး ဖော်ဆောင်ဖို့ ထည့်သွင်း ပြောဆိုသွားပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013