
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကို ပို့ဆောင်ခံရတဲ့ တပ်သား ၃ ယောက် ထွက်ပြေးလာပြီး ဘက်ပြောင်းခိုလှုံလာတယ်လို့ ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ထွက်ပြေးလာသူ ၃ ယောက်မှာ ဘုတ်ပြင်းအခြေစိုက် စကခ ၁၃ မှ ကိုရဲဝင်းအောင်နဲ့ ကိုသူရစိုး၊ ဘုတ်ပြင်းအခြေစိုက် ခလရ ၄၃၂ တပ်ရင်းက ကိုစည်သူကျော်တို့ ဖြစ်ကြပြီး ဧပြီ ၂၀ ရက်မှာ ပူးပေါင်းစစ်ကြောင်းထံ လာရောက်ခိုလှုံလာခဲ့ကြတယ်လို့ ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“သူတို့ပြောပုံအရ မဲပေါက်တာမျိုးမဟုတ်ဘဲ အတင်းစုဆောင်းခံရတာမျိုး ဖြစ်တယ်။ ရပ်ကွက်တွေထဲမှာ အတင်းအဓမ္မ ခေါ်ဆောင်ပြီးတော့ စစ်သင်တန်းပေးတက်ပြီးမှ တပ်ရင်းဌာနတွေဆီကို ပြန်လွှဲပေးတယ်ပြောတယ်။ သူတို့ထဲက ၂ ဦးကို တပ်ရင်းမှာ ထားထားတယ်၊ နောက်တဦးက ပူးပေါင်းစစ်ကြောင်းမှာပဲ ရှိသေးတယ်။”
သူတို့ ၃ ယောက်ထဲက ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းထဲက စစ်ကောင်စီရဲ့ အပတ်စဥ် ၉ စစ်မှုထမ်းအတွက် အတင်းအဓမ္မ စုဆောင်းခံရတဲ့လူငယ်တွေ ဖြစ်ကြပြီး စစ်သင်တန်း ၃ လ တက်ခဲ့ရပြီးနောက် တနင်္သာရီတိုင်းထဲက ဘုတ်ပြင်းမြို့နယ်ကို ပို့ဆောင်ခံရတာဖြစ်တယ်လို့ ပြောပါတယ်။
ထွက်ပြေးခိုလှုံလာသူတယောက်ရဲ့ ပြောပြချက်အရ ဘုတ်ပြင်းမြို့အခြေစိုက် ခလရ ၄၃၁ တပ်ရင်းကို ပို့ဆောင်တဲ့ တပ်သားသစ်တွေကို ဘုတ်ပြင်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းတခုမှာ အရင်ထားရှိပြီးတော့ လက်နက်၊ ဖုန်း စသဖြင့် ကိုင်တွယ်ခွင့်မပေးထားဘူးလို့ သိရကြောင်း ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။
အခုဧပြီလအတွင်း ကော့သောင်းခရိုင်အတွင်းရှိ စစ်ကောင်စီတပ်ရင်းတွေကနေ ထွက်ပြေးလာပြီး တော်လှန်ရေးတပ်ဖွဲ့တွေထံ လာရောက်ခိုလှုံကြတဲ့ စစ်မှုထမ်းစုဆောင်းခံရသူ ၆ ယောက်အထိ ရှိနေတယ်လို့ သိရပါတယ်။