
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ထဲကို အာရက္ခတပ်တော် (AA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ ထိုးဖောက်ဝင်ရောက်လာတာကြောင့် လေးမျက်နှာမြို့နယ်ထဲက ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ တိမ်းရှောင်နေကြသလို စစ်တပ်စခန်းတွေမှာ သွားရောက်ခိုလှုံနေကြတယ်လို့ သိရပါတယ်။
ဧပြီ ၁၈ ရက်က ပန်းတောကြီးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ AA၊ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် ပန်းတောကြီးနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေက ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ၊ မိသားစုတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ဟင်္သာမြို့ပေါ်ကို တိမ်းရှောင်နေကြသလို စစ်ကောင်စီတပ်စခန်းတွေမှာ သွားရောက်ခိုလှုံနေကြတယ်လို့ ဆိုပါတယ်။
လေးမျက်နှာမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “စစ်ရေးအခြေအနေ အတွင်းသတင်းရလို့ ရှောင်တာပေါ့နော်။ တောင်ရွာက အုပ်ကြီး ဇော်ဇော်မင်းနဲ့ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေ အပါအဝင် အုပ်ကြီးမိသားစုတွေ အကုန်ရှောင်ကုန်တာ။ တချို့က တပ်စခန်းတွေမှာ၊ တချို့က မိသားစုတွေဆီရှောင်တာ” လို့ ပြောပါတယ်။
လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာ၊ ဝါးတောကွင်းကျေးရွာ၊ တောင်ကျေးရွာ စတဲ့ ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေနဲ့ ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ဟင်္သာတမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြသလို အခြားဒေသတွေက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက ထပ်မံ မတိမ်းရှောင်ဖို့ တားမြစ်ထားတယ်လို့ ဆိုပါတယ်။
“အုပ်ချုပ်ရေးမှူးရှောင်တယ်လို့ သတင်းရပြီးနောက် စကစ ဘက်က စစ်ရေးတင်းမာမှုမရှိတဲ့ ဒေသတွေက အုပ်ချုပ်ရေးမှူးတွေကို မရှောင်ဖို့ တားတယ်၊ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ပုံမှန်လုပ်ကိုင်ဖို့ ပြောတယ်” လို့ လေးမျက်နှာ မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ လေးမျက်နှာမြို့နယ်အတွင်းက ကွင်းကြီးကျေးရွာအုပ်စု၊ အောင်ဇံကွင်းကျေးရွာ၊ ဇီးပင်ကွင်းကျေးရွာ၊ ဝတ်ကုန်း ကျေးရွာအုပ်စုရှိ ဝတ်ကုန်းရွာ၊ လဲခုံလေးရွာ၊ လဲခုံကြီးရွာ၊ စက်စက်ယိုရွာ၊ ချင်းလယ်ရွာနဲ့ စန်းကုန်းရွာတွေမှာ တင်းတင်းကျပ်ကျပ် လိုက်လံစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။