
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ စစ်ဘက် အကျဥ်းထောင်တွေနဲ့ အချုပ်ခန်းတွေရဲ့ စီမံခန့်ခွဲမှုကို သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း မူဘောင်တွေနဲ့အညီ ဖြစ်စေဖို့အတွက် PDF တပ်မတော် စစ်ဦးစီးချုပ်က ဧပြီ ၂၄ ရက် နေ့စွဲနဲ့ အမိန့် ထုတ်ပြန်လိုက်ပါတယ်။
အဲဒီအမိန့်မှာ စစ်ဘက်အကျဥ်းထောင်တွေနဲ့အချုပ်ခန်းတွေမှာ ပြစ်ဒဏ်ကျခံနေရသူတွေ၊ အချုပ်ခံနေရသူ တွေနဲ့ပတ်သတ်ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဥ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်တွေနဲ့အညီ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ခံစားနိုင်ဖို့နဲ့ အမှုတွေ စစ်ဆေးရာမှာ ကြန့်ကြာမှုမရှိစေဖို့အတွက် စစ်ဥပဒေရုံးက စစ်ဆေးကြည့်ရှု့ဆောင်ရွက်ဖို့ လိုတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် စစ်ဆေးကြည့်ရှု ရာမှာ အကျဥ်းသား/ အချုပ်သား ဦးရေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ နေထိုင် စားသောက်မှုစတဲ့ အကျဥ်းသား/ အချုပ်သား အခွင့်အရေးတွေ ရရှိတာ ရှိ/မရှိ ၊ အမှုတွေ စုံစမ်းစစ်ဆေးရာမှာ ကြန့်ကြာမှု ရှိ/မရှိ၊ ဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်း ချုပ်နှောင်ထားတာ ရှိ/မရှိ တို့ကို စိစစ်ဆောင်ရွက်ဖို့ စတဲ့ ညွှန်ကြားချက်တွေ ပါဝင်တယ်လို့လည်း သိရပါတယ်။
ကေခိုင်