
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကြို့ကုန်းရွာကို စစ်ကောင်စီတပ်က ဧပြီ ၂၄ ရက် ည ၁၀ နာရီလောက်မှာ စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စက်တပ်လေထီးဟာ နမခစစ်တပ်အတွင်းကနေ ပျံတက်လာပြီး ကြို့ကုန်းရွာကို ဗုံးကြဲချခဲ့တာလို့ ဒေသခံ ရွာသားတယောက်က ပြောပါတယ်။
“ကျနော်တို့ရွာ စာသင်ကျောင်းနဲ့ ဘောလုံးကွင်းအနီးကို ချသွားတာ။ လူနှစ်ယောက်သေတယ်။ အမျိုးသားတဦး၊ အမျိုးသမီးတဦးပေါ့။ နွားတကောင်လည်း ထိခိုက်ဒဏ်ရာရတယ်။ လူနေအိမ်တွေလည်း ပျက်စီးတယ်။ ကျနော်တို့အမြင်ကတော့ စစ်တပ်အနေနဲ့ စစ်ရေးပစ်မှတ်နဲ့ အရပ်သားပစ်မှတ် ဆိုတာမျိုး လုံးဝကို မရှိတော့ဘူး။ စစ်တပ်အနေနဲ့ အရပ်သားလား၊ စစ်ရေးပစ်မှတ်လား ဆိုတာမျိုးကိုတော့ ခွဲခွဲခြားခြား ဖြစ်စေချင်တယ်ဗျ။”
ကြို့ကုန်းရွာဟာ ဘုတလင်မြို့ရဲ့ မြောက်ဘက် ၅ မိုင်ခန့် ကွာဝေးပြီး မုံရွာ နမခ အထိုင်စစ်တပ်ကနေ ၁၈ မိုင်ခန့် ဝေးတယ်လို့လည်း သိရပါတယ်။
ဘုတလင် ပအဖအဖွဲ့ တာဝန်ရှိသူတယောက်က “တော်လှန်ရေးနယ်တွေဘက်မှာရှိတဲ့သူဆိုရင် အရပ်သားလား၊ ဘာလား ဆိုတာ ဒီကောင်တွေ မခွဲခြားတော့ဘူး။ သူတို့အာဏာတည်မြဲဖို့ဆိုရင် ဘာမဆိုလုပ်တယ်ဆိုတာ မျက်မြင်တွေ့နေရပြီ။ မနေ့ညကလည်း ကြို့ကုန်းရွာကို စစ်တပ်က စက်တပ်လေထီးနဲ့ လာပြီးတာ့ 81 တွေ ချသွားတာဗျ။ ချတဲ့ အလုံးအရေအတွက်က ၂ လုံးချတာ။ သေဆုံးသူအမျိုးသားက ဗြားနီ ဦးခေါင်းပွင့်ထွက် ဒဏ်ရာနဲ့ သေဆုံး၊ သေဆုံးအမျိုးသမီးအမည်ကတော့ တင်တင်မာ ဆီးခုံ ဖောက်ထွက်ပြီး သေဆုံးခဲ့တယ်ဗျ။ ဒေါ်တင်တင်မာရဲ့ သမီးလည်း ထိခိုက်ဒဏ်ရာရရှိတယ်။ ကျနော်တို့ ဆေးရုံတင် ကုသပေးထားပါတယ်” လို့ ပြောပါတယ်။
ကြို့ကုန်းရွာဟာ အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး စစ်တပ်ရဲ့ စက်တပ်လေထီးနဲ့ တိုက်ခိုက်တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။