
MNDAA ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ မြန်မာ-တရုတ် နယ်စပ်က လောက်ကိုင်မြို့မှာ လူဦးရေ သုံးပုံ တပုံလောက် ပြန်လည်နေထိုင်နေပြီး စည်ကားစပြုလာပြီလို့ လက်ရှိနေထိုင်နေသူတွေက ပြောပါတယ်။
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ကို MNDAA ကိုးကန့်တပ် ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေက ၂၀၂၃ အောက်တိုဘာမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလမှာ သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီလို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ကို တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်ဆိုင်းနေလို့ လူပြန်စည်ကားစပြုနေပြီလို့ လက်ရှိနေထိုင်သူတွေက ပြောပါတယ်။
လောက်ကိုင်ကို ကိုးကန့်တပ် ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေက ၂၀၂၄ ဇန်နဝါရီမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။
မြို့ကို စတင်ထိန်းချုပ်တုန်းက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် ကိုးကန့်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော် လားရှိုးမြို့ကို အခု ဧပြီလမှာ စစ်ကောင်စီလက်ကို ပြန်လည် လွှဲပြောင်းခဲ့ရပါတယ်။
တရုတ်ကြားဝင်တဲ့အချိန်ကစပြီး လောက်ကိုင်ကို လေကြောင်းတိုက်ခိုက်မှုတွေ မရှိတော့ဘဲ လူပြန်စည်ကားစ ပြုလာတာပါ။
လက်ရှိ လောက်ကိုင်မှာ ပြန်လည်အခြေချပြီး အလုပ်လုပ်မယ်ဆိုရင် MNDAA ကိုးကန့်တပ်ရဲ့ သက်ဆိုင်ရာဌာနမှာ နေထိုင်ခွင့်တင်ပြီး အလုပ်လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ နေထိုင်နေသူတွေက ဆိုပါတယ်။
လောက်ကိုင်မှာ မြန်မာ-တရုတ် နယ်စပ်ဖြတ်သန်းဂိတ်ရှိပြီး စစ်ကောင်စီ အုပ်ချုပ်တုန်းက ကျားဖြန့်၊ လောင်းကစား၊ မူးယစ်ဆေးဝါးနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေ ပေါများခဲ့ပါတယ်။
မြန်မာနယ်နိမိတ်အတွင်းမှာရှိတဲ့ အွန်လိုင်းငွေလိမ်တဲ့ဂိုဏ်းတွေကို တရုတ်နိုင်ငံက စတင်တိုက်ဖျက်ချိန် ကိုးကန့်တပ် ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေက လောက်ကိုင်ကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်လိုက်ပါတယ်။
အဲဒီနောက်ပိုင်း လောက်ကိုင်မြို့မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးသွားပြီး နေထိုင်တဲ့ လူဦးရေလည်း လျော့ကျသွားတာဖြစ်ပါတယ်။