
စစ်ကိုင်းတိုင်းကို ဗဟိုပြုပြီး ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီက အပစ်အခတ်ရပ်စဲပြီးနောက်မှာ ရခိုင်ပြည်နယ်က မြို့နယ် ၅ ခုကို စစ်ကောင်စီက စစ်ရေးတိုက်ခိုက်မှု ၄၀၉ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဧပြီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက ဧပြီ ၂ ရက်ကနေ ၂၂ ရက်အတွင်း ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ တောင်ကုတ်၊ ကျောက်တော်၊ စစ်တွေနဲ့ ပေါက်တောမြို့နယ်တို့ကို စစ်ရေးတိုက်ခိုက်ခဲ့တာဖြစ်ပြီး လေကြောင်း၊ ဒရုန်း၊ ရေကြောင်း၊ စက်တပ်လေထီး၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလို ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားတယောက် သေဆုံးပြီး ၂၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အဲဒီအထဲက ၅ ယောက်မှာ ကလေးသူငယ်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အိမ် ၂၁ လုံး၊ ဆိုင် ၂ ဆိုင်နဲ့ ဘာသာရေးအဆောက်အအုံတလုံး အပါအဝင် အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို လေးစားခြင်းမရှိဘဲ တိုက်ခိုက်မှုတွေကို ပြုလုပ်နေတာဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တဲ့ လုပ်ဆောင်ချက် ဖြစ်တယ်လို့လည်း HDCO က ပြောထားပါတယ်။
အဲဒီလို အပစ်ခတ်ရပ်စဲထားမှုကို အခွင့်ကောင်းယူပြီး စစ်ကောင်စီက စစ်တွေနဲ့ ကျောက်ဖြူတို့မှာ အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရှိသလို ကျောက်တော်၊ တောင်ကုတ် တို့မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ရခိုင်စစ်ရေးအကဲခတ်တယောက်က ပြောပါတယ်။
“တနိုင်ငံလုံး ငလျင်ဘေးသင့်နေချိန် အပစ်ခတ်ရပ်စဲထားမှုတွေကို အခွင့်ကောင်းယူပြီး စစ်ကောင်စီက စစ်တွေနဲ့ ကျောက်ဖြူမှာ အင်အားဖြည့်တင်းနေတာတွေ အများကြီးရှိတယ်။ ဒါ့အပြင် ကျောက်တော်ဘက်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာ ရှိတယ်။ စစ်ကောင်စီက စစ်သားမဆန်တဲ့ စစ်တပ်လို့ ပြုမူနေတာ။”
အာရက္ခတပ်တော် (AA) ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဧပြီလ တလလုံးကို အပစ်ခတ်ရပ်စဲထားသလို စစ်ကောင်စီကလည်း ဧပြီလကုန်အထိ အပစ်ခတ်ရပ်စဲမယ်လို့ ကြေညာထားပါတယ်။