
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကားလမ်းပိုင်းဖြစ်တဲ့ တနင်္သာရီ-မောတောင် ပြည်ထောင်စုကားလမ်းပိုင်းမှာ စစ်ရေးငြိမ်သက်နေပေမဲ့ စစ်ကောင်စီဘက်က အင်အားတွေ ထပ်ဖြည့်ထားတယ်လို့ KTLA ထီးဆဲမဲရွာတပ်ရင်းရဲ့ တာဝန်ခံ ဗိုလ်စိုင်းညီက ပြောပါတယ်။
ပြည်ထောင်စုကားလမ်းပိုင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့မှု အပြန်အလှန်ဖြစ်နေတာ ၄ လကျော် ကြာမြင့်ပြီဖြစ်ကာ အခုနှစ် သင်္ကြန်ကာလနောက်ပိုင်း တိုက်ပွဲဖြစ်ပွားတာမရှိတော့ဘဲ စစ်ရေးပြန်ငြိမ်သက်နေတယ်လို့ ပြောပါတယ်။
စစ်ရေးငြိမ်သက်နေပေမဲ့ ဧပြီ ၁၉ ရက် နောက်ပိုင်းမှာ စစ်ကောင်စီဘက်က အဆိုပါကားလမ်းပိုင်းမှာ အင်အားထပ်ဖြည့်တင်းလာပြီးတော့ နယ်မြေထိန်းချုပ်ဖို့ ရှေ့ဆက်တိုးလာနိုင်တဲ့ အလားအလာ ရှိနေတယ်လို့ KTLA ထီးဆဲမဲရွာတပ်ရင်းရဲ့ တာဝန်ခံ ဗိုလ်စိုင်းညီက ပြောပါတယ်။
“သင်္ကြန်ပြီးတဲ့နောက်ပိုင်းမှာ နှစ်ဖက်စလုံးက တိုက်ပွဲမရှိဘဲ ငြိမ်သက်နေတယ်။ အခုကတော့ ခုခံကာကွယ်တဲ့စနစ်ပေါ့၊ သူတို့ဘက်က ရှေ့ဆက်တိုးလာရင်တော့ တိုက်ပွဲအနေအထားကတော့ ဆက်လက်ပြင်းထန်လာဖို့ပဲရှိတယ်၊ သူတို့ ရှေ့ဆက်တိုးလာမယ်ဆိုရင် ကျနော်တို့ဘက်က ရင်ဆိုင်ဖို့ အဆင်သင့်ရှိတယ်။”
စစ်ကောင်စီဘက်က ပြည်ထောင်စုလမ်းပိုင်းက ရေဖြူကျေးရွာအနီးရှိ မောတောင်-ကော့သောင်း လမ်းခွဲဖြစ်တဲ့ ထုံခါလမ်းဆုံမှာ အထိုင်ချတပ်စွဲထားပြီးတော့ လမ်းကင်းတွေချထားကာ စစ်ဆေးနေတယ်လို့ ဗိုလ်စိုင်းညီက ဆက်ပြောပါတယ်။
ဒါ့အပြင် ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားတဲ့ မောတောင် ကားလမ်းပိုင်းရှိ သိန်ခွန်းကျေးရွာကို အခြေပြု တပ်စွဲထားပြီးတော့ လူနေအိမ်တွေပေါ်မှာ ဝင်ရောက်နေထိုင်ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အစပြုပြီး တနင်္သာရီ-မောတောင် ကားလမ်းပိုင်းမှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးတော့ နှစ်ဖက်အထိအခိုက်ကျဆုံး အများအပြားရှိခဲ့ကာ ဒေသခံပြည်သူ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။