
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာတွေကို စစ်ကောင်စီက စက်သုံးဆီ သယ်ယူခွင့် ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်တွေရဲ့ ထိုးစစ်ဆင်လာမှုကြောင့် လေးမျက်နှာမြို့နယ်ထဲက ပန်းတောကြီးကျေးရွာမှာ ဧပြီ ၁၅ ရက်က တိုက်ပွဲ စတင်ဖြစ်ပွား ပြီးနောက် ဧပြီ ၁၈ ရက်စတင်လို့ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက တိုက်ပွဲ ဖြစ်ပွားနေတဲ့ ကျေးရွာတွေဘက်ကို စက်သုံးဆီသယ်ယူခွင့် ပိတ်ထားတယ်လို့ ဆိုပါတယ်။
လေးမျက်နှာမြို့ခံတယောက်က “ရခိုင်ရိုးမနဲ့ ပုသိမ်-မုံရွာ ကားလမ်းမအနောက်ဘက်ခြမ်း လေးမျက်နှာမြို့နယ်ထဲက ကျေးရွာတွေကို စက်သုံးဆီ သယ်ယူခွင့် ပိတ်ထားတာ။ ဆိုင်တွေကိုလည်း လိုက်ပိတ်ထားပြီး စစ်ဆေးရေးဂိတ်တွေမှာပါ လိုက်လံစစ်ဆေးနေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က လေးမျက်နှာမြို့နယ်ထဲက ပန်းတောကြီး၊ ပန်းတောပေါက်၊ ဆီဆုံကုန်း၊ ဆင်သေ၊ အောင်ဘော်၊ လှည်းကူး၊ ကွမ်းခြံကုန်း စတဲ့ ကျေးရွာတွေဘက်ကို ပုသိမ်၊ ရေကြည်၊ ဟင်္သာတ၊ လေးမျက်နှာ၊ သာပေါင်းနဲ့ ငါးသိုင်းချောင်းဘက်တွေကနေ စက်သုံးဆီသယ်ယူခွင့် ပိတ်ပင်ထားတာလို့ ဆိုပါတယ်။
လေးမျက်နှာမြို့နယ် စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “တချို့ဆိုင်တွေဆို စက်သုံးဆီ လုံးဝပြတ်နေပြီ။ တချို့ဆိုင်တွေကတော့ လက်ကျန်ဆီတွေပဲ ရောင်းနေရတာ။ ဘာအတွက် ဒီလိုလုပ်တာလဲတော့ မသိဘူး။ လုံးဝ သယ်ယူ ဖြန့်ဖြူးရောင်းချ ခွင့်မပေးတာ” လို့ ပြောပါတယ်။
စက်သုံးဆီ သယ်ယူခွင့် ပိတ်ထားတဲ့ ဒေသတွေမှာ လက်ရှိ စက်သုံးဆီ တလီတာ ရေသန့်ဘူး ၁ ဘူးကို ကျပ် ၆၅၀၀ အထိ ဈေးတက်သွားပြီး လိုသလောက်မရ ဖြစ်နေတာလို့ ဆိုပါတယ်။
ဧရာဝတီတိုင်းထဲက ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ လေးမျက်နှာ မြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာ၊ ကင်းပုန်းဝပ်စောင့်တာအပြင် စစ်ဆေးရေးဂိတ်တွေမှာပါ တိုးမြှင့်ချထားပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ သိရပါတယ်။