DVB Logo
Home
မြန်မာသတင်း
နောင်ချိုကို  စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန်ပြင်  
DVB
·
April 24, 2025
နောင်ချိုကို  စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန်ပြင်  
Donate to DVB

 

ရှမ်းမြောက်မှာ ကိုးကန့်တပ် (MNDAA) နဲ့ အပစ်ရပ်ထားနိုင်တဲ့ စစ်ကောင်စီတပ်က  TNLA ထိန်းချုပ်ရာ နောင်ချိုကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

နွေဦးတော်လှန်ရေးထဲ ရှမ်းမြောက်မှာရှိတဲ့ အဓိကအင်အားစုတွေဖြစ်တဲ့ MNDAA နဲ့ TNLA   အဖွဲ့တွေထဲက ကိုးကန့်တပ် MNDAA ကတော့ စစ်ကောင်စီနဲ့ အပစ်ရပ်ထားသလို သိမ်းပိုက်ထားတဲ့ တိုင်းစစ်ဌာနချုပ်ရုံးစိုက်ရာ လားရှိုးကို စစ်ကောင်စီထံ ပြန်ပြီးလွှဲပေးလိုက်ပါပြီ။

စစ်ကောင်စီရဲ့ လေကြောင်းခြိမ်းခြောက်မှု၊ တရုတ်ရဲ့ ဖိအားအပါအဝင် ဖိအားမျိုးစုံကြောင့် အခုလိုမျိုး လိုက်လျောခဲ့တာလို့ MNDAA သတင်းရင်းမြစ်တွေကပြောပါတယ်။ 

တဖက်မှာတော့ ဒီအခြေအနေက TNLA အတွက် စစ်ရေးရော၊ နိုင်ငံရေးအရပါ ဝန်ထုပ်ဝန်ပိုးဖြစ်လာစေတာပါ။

လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ လားရှိုးမြို့ထဲ အလုံးအရင်းနဲ့ဝင်ရောက်နေပြီဖြစ်ပြီး အင်အားထောင်ချီရှိနိုင်တယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

ဒါကြောင့် လားရှိုးနဲ့ တဆက်တည်းရှိနေတဲ့ TNLA ထိန်းချုပ်ရာ နမ္မတူအတွက် နောက်ကျော မလုံတဲ့ အခြေအနေရောက်နေပါပြီ။

ဒါ့အပြင် တခြားစစ်မျက်နှာတဖက်ဖြစ်သလို TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကိုလည်း စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

မြေပြင်သတင်းတွေအရ စစ်ကောင်စီဘက်က စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးဖို့ ပြင်ဆင်ထားသလို တောင်ခမ်းဘက်ကိုလည်း စစ်ကူတွေထပ်ပြီးဖြည့်တင်းထားတယ်လို့ ဆိုပါတယ်။

MNDAA ဘက်က လားရှိုးပြန်ပေးလိုက်ရတာ ပြဿနာမဟုတ်ပေမဲ့ အပစ်ရပ်ထားတာဖြစ်လို့ ရှမ်းမြောက်မှာ စစ်ကောင်စီဘက်က TNLA တဖွဲ့တည်းကို ဦးတည်ပစ်မှတ်ထားဖို့ ကျန်တော့တဲ့အခြေအနေကတော့ စိုးရိမ်စရာဖြစ်တယ်လို့လည်း ကိုဇင်ယော်က ပြောပါတယ်။

"နောင်ချိုကိုက စစ်ကောင်စီ စစ်ကြောင်းထိုးဖို့ပြင်နေတယ်။ တောင်ခမ်းမှာလည်း အင်အားတွေထပ်ပြီးပုံလာသလို အုမ္မသီးဘက်ကနေ တကြောင်း၊ နောင်ချိုလေး နောင်ချိုကြီးဘက်ကနေတဆင့် ဂုတ်ထိပ်ဘက်ကနေ တကြောင်း၊ ကံကြီးဘက်ကနေတကြောင်း၊ ၃ ကြောင်းခွဲပြီးတော့ ဝင်မယ့်အနေအထားရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ လောလောဆယ် MNDAAက အပစ်ဆိုင်းထားတော့ ရှမ်းမြောက်မှာ သူတို့အတွက် ဦးတည်ရန်သူက အဲဒီတဖွဲ့ပဲ ရှိတော့တယ်။ ပြီးရင်ကျနော်တို့ အင်တော၊ ကျောက်ဂူနဲ့ တောင်ခမ်းလမ်းကလည်း သူတို့က ရာနှုန်းပြည့်ထိန်းချုပ်ထားနိုင်တော့ စစ်အင်အားကို သူတို့ စိတ်ကြိုက်ဖြည့်လို့ရနေတာပေါ့။"

လက်ရှိနောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို အဆက်မပြတ်လုပ်နေသလို ထိတွေ့တိုက်ပွဲတွေလည်းရှိနေတယ်လို့ TNLAစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ စစ်ကောင်စီဘက်က ထိုးစစ်တွေပိုလုပ်လာသလို တိုက်ပွဲတွေကလည်း ပိုပြီးပြင်းထန်လာနေတယ်လို့လည်း ဆိုပါတယ်။

"တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတာပဲ။ ဒါပေမဲ့ ဒီနေ့ကတော့ သိသိသာသာလေးထိုး လာနေတဲ့အပိုင်းတော့ရှိတယ်။ ကျနော်တို့ တပ်စွဲထားတဲ့နောင်လင့်ရွာဘက်ကိုလည်း လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်နေတာ။ ၉ နာရီကနေ ၁၁ ခွဲအထိ ၂ နာရီခွဲအတွင်းမှာ လက်နက်ကြီး ၈၁ မီလီမီတာ မော်တာတွေနဲ့ပစ်တာ ၄၅ လုံးလောက်ရှိတယ်။"

လက်ရှိမှာတော့ ရှမ်းမြောက်စစ်မျက်နှာစာမှာ TNLA တဖွဲ့တည်းပဲရှိတော့တာကြောင့် နောင်ချိုကို ဆက်ပြီးထိန်းချုပ်ထားနိုင်ဖို့ စိန်ခေါ်မှုရှိနေတယ်လို့ CDMဗိုလ်ကြီးဇင်ယော်ကလည်း ပြောပါတယ်။

နောင်ချိုမြို့ကို ၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ် ဇွန်လထဲမှာ TNLA နဲ့ မဟာမိတ်ပူးပေါင်း တပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

နောင်ချိုစစ်ဆင်ရေးမှာ ဗိုလ်မှူးကြီးအဆင့်ကနေ ရာထူးတိုးခဲ့တဲ့ ဗိုလ်မှူးချုပ်နိုင်ဝင်းကို ခေါင်းဆောင်နေရာထားကာ တပ်မ ၁၁ ၊ ရမခတပ်ရင်းတွေနဲ့ ဒရုန်းတပ်၊ အမြောက်နဲ့ သံချပ်ကာတပ်ရင်းတွေအပြင် စနိုက်ပါတပ်ဖွဲ့ဝင်တွေအထိ အင်အားတိုးမြှင့်ပြီး ထိုးစစ်စဖို့ စီစဥ်နေတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ထက်အောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013