DVB Logo
Home
မြန်မာသတင်း
သဲတောနှင့် ဝမ်းတွင်းမြို့တို့တွင် ပြန်လည်ထူထောင်ရေး မစနိုင်သေး
DVB
·
April 24, 2025
သဲတောနှင့် ဝမ်းတွင်းမြို့တို့တွင် ပြန်လည်ထူထောင်ရေး မစနိုင်သေး
Donate to DVB

သဲတောမြို့နဲ့ ဝမ်းတွင်းမြို့က ငလျင်ဒဏ်သင့် ပြည်သူတွေဟာ ကူညီပေးသူ မရှိတာကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မစနိုင်သေးဘူးလို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်းတိုင်းကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးမြို့ကြီးတွေနဲ နည်းတူ   ထိခိုက်ပျက်စီးခဲ့တဲ့ သဲတောမြို့နဲ့ ဝမ်းတွင်းမြို့တွေမှာ နေအိမ်၊ အဆောက်အအုံ၊ စက်ရုံပေါင်း ၃၂၀ လုံး ပြိုကျပျက်စီးခဲ့ပါတယ်။ 

မြေငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၈၀ ကျော်ရှိခဲ့ပါတဲ့အပြင် မြို့နယ်အတွင်းက ဘုရားစေတီ၊ ကျောင်းပေါင်း ၂၀၀ နီးပါးနဲ့ ဗလီဘုရားကျောင်း ၄ လုံး ပြိုကျပျက်စီးခဲ့ပါတယ်။

လူမှုကူညီရေးအသင်း တာဝန်ရှိသူက “ပြန်လည်ထူထောင်ရေးက အခုထိတောင် ဘာမှ မလုပ်ရသေးဘူး။ လောလောဆယ် ကိုယ့်အိမ်ကိုယ်ဖြိုပဲ။ သန့်ရှင်းရေးလုပ်ပေါ့။ အခြေမခိုင်တာရယ်၊ ဖြိုရမယ့်ဟာတွေတော့ စက်တွေငှားပြီးဖြိုပေါ့။ လူတွေ အားလုံးက ဒုက္ခသည်ကြီးပဲ ဖြစ်သွားတာပေါ့။ ပိုက်ဆံရှိတဲ့ကောင်လည်း ဒုက္ခသည်၊ ပိုက်ဆံမရှိတဲ့ ကောင်လည်း ဒုက္ခသည် ပိုဆိုးကုန်တာပေါ့။ ပြောရရင်တော့ အခြေခံလူတန်းစားတွေက မဖျက်နိုင်သေးဘူး။ လုံးလုံးပြိုသွားပြီ နေစရာလုံးလုံးမရှိတဲ့သူက ဖြိုပြီးတော့ ဒီအတိုင်းပဲ တဲထိုးနေကြတာပေါ့။  တချို့ဖျက်ခကို မရှိတဲ့သူတွေက ဒီအတိုင်း အပုံလိုက်ရှိသေးတယ်” လို့ ပြောပါတယ်။

သဲတောမြို့၊ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ ကိုးတောင်ပြည့်ကျောင်းတိုက်အတွင်း ရှေ့ဟောင်းပိဋကတ် ကျောက်စာတိုင်တွေနဲ့ ကျောင်းဆောင်တချို့ မြေခပျက်စီးခဲ့တဲ့ ကိုးတောင်ပြည့်ကျောင်းတိုက်အတွင်း ဒီကနေ့အထိ ရှင်းလင်းရေး မလုပ်ဆောင်နိုင်သေးဘူးလို့ ဦးပဉ္စင်းတပါးက ပြောပါတယ်။

“သဲတော ကိုးတောင်ပြည့်က အရောက်အပေါက်နည်းတယ်။ ပြန်လည်ထူထောင်ရေးက ကျောင်းဖျက်ဖို့ စရိတ်တောင်မှ အနိုင်နိုင်ဆိုတော့ ဆောက်ဖို့က တော်တော်လေး ခဲယဉ်းနေသေးတယ်။ အခက်အခဲရှိတာပေါ့။ ငွေရေးကြေးရေးက အစပေါ့။ ခက်တာက ဆရာတော်က အသက်ကြီးတာကော စိတ်ညစ်တာကော ဖျက်ဖို့ တိုင်ပင်တာ ဘယ်လိုမှ တိုင်ပင်လို့ မရဘူး။ မလုပ်တတ်တော့ ဒီလိုပဲ ထားတော့မယ် ဘာညာကြီးပဲ ဖြစ်နေတာ။”

ပြန်လည်ထူထောင်ရေးလုပ်ဆောင်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ပကနေ မှာယူတင်သွင်းလာတဲ့ ဘိလပ်မြေအိတ်တွေကို ငလျင်ဒဏ်သင့်ခဲ့တဲ့ ပြည်နယ်နဲ့ တိုင်းတွေကို ရောင်းချပေးသွားမယ်လို့ ပြောဆိုထားပါတယ်။ 

ဒါပေမဲ့ ငလျင်ဒဏ်သင့်ပြည်သူတွေကို သက်ဆိုင်ရာအာဏာပိုင်တွေက ထောက်ပံ့တာတွေ မရှိတာကြောင့် အစိုးရအနေနဲ့ကော နိုင်ငံတကာအနေနဲ့ကော ကူညီနိုင်ရင် ပိုကောင်းမယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

လူမှုကူညီရေးအသင်း တာဝန်ရှိသူ “ပြန်လည်တည်ဆောက်ရေးက ခွဲတမ်း ၅ အိတ်နှုန်းပဲ ရောင်းတယ်။ မိတ္ထီလာမှာ ၁၈,၀၀၀ ဆိုတော့ ဘာပဲပြောပြော ၁ အိတ်ကို ၄ ၅ ၆၀၀၀ လောက် ကွာနေတာလေ။ ကိုယ်မြို့နယ်မှာ လက်ရှိ ရောင်းနေတဲ့ဆိုင်တွေ အပြည့်အဝမရဘူး။ သက်ဆိုင်ရာ အာဏာပိုင်တွေက ထောက်ပံ့တာတွေ မကြားလည်း မကြားမိသလို့ ရှိလည်း မရှိသေးဘူး။ ငလျင်ဒဏ်ထိတဲ့ အိမ်တွေက ရသံလည်း မကြားသေးဘူး။ အစိုးရအနေနဲ့ကော နိုင်ငံတကာအနေနဲ့ကော ကူညီတွေ ကူညီနိုင်ရင်တော့ ပိုကောင်းပါတယ်လို့ ထင်မြင်ယူဆပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၄၄၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၁,၀၀၀ ကျော်၊ ငလျင်ဘေးသင့်သူ ၁၉၀,၀၀၀ ကျော်ရှိခဲ့ပြီး နေအိမ် အဆောက်အအုံ ၅၀,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ DVB က ဧပြီ ၁၆ ရက်အထိ စုစည်း ရရှိထားတဲ့ အချက်အလက်တွေ အရ သိရပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013