DVB Logo
Home
မြန်မာသတင်း
တနင်္သာရီ-ဘုတ်ပြင်း ကားလမ်းက ကျေးရွာများ ဓာတ်ဆီပြတ်လပ်၊ သရက်ချောင်း စစ်ရှောင်များ အကူအညီလိုအပ်
DVB
·
April 24, 2025
တနင်္သာရီ-ဘုတ်ပြင်း ကားလမ်းက ကျေးရွာများ ဓာတ်ဆီပြတ်လပ်၊ သရက်ချောင်း စစ်ရှောင်များ အကူအညီလိုအပ်
1 / 4
Donate to DVB

တနင်္သာ-ဘုတ်ပြင်း ကားလမ်းပိုင်းက ‌ကျေးရွာအုပ်စုတွေမှာ ဓာတ်ဆီတင်ဆောင်တဲ့ ကားတွေကို စစ်ကောင်စီက ဖြတ်သွား ရောင်းချခွင့်ပိတ်လိုက်တာကြောင့် မြို့ပေါ်အထိ သွားရောက်ဝယ်ယူနေရပြီး ဓာတ်ဆီဈေးတွေလည်း တက်လာတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

စစ်ကောင်စီက အခုဧပြီလ အစောပိုင်းတည်းက တနင်္သာရီ-ဘုတ်ပြင်း ကားလမ်းပိုင်းရှိ ချောင်းလမု၊ အေးသာယာ၊ တားကလပ်တို့အပြင် မနိုးရုံး၊ ခဲချောင်း၊ ရှမ်းအင်းတော် စတဲ့ကျေးရွာတွေကိုပါ ဓာတ်ဆီသယ်တဲ့ကားတွေ ဖြတ်သန်းရောင်းချခွင့် မပေးတော့တာကြောင့် ရွာတွေမှာ ဓာတ်ဆီပြတ်လပ်လာတယ်လို့ ပြောပါတယ်။

“အရင်က ဓာတ်ဆီကား ၃ စီးလောက် ဖြတ်လာတယ်၊ အခုက ဒီကားတွေကို ပိတ်လိုက်ပြီ။ အများစုက တနင်္သာရီမြို့မှာ သွားဝယ်ရတယ်။ ၅ ဂါလန်ပုံးနဲ့ တခါသယ်ရင် ၇ ပုံး၊ ၈ ပုံး သယ်ပြီးတော့ ရွာက လိုအပ်တဲ့သူတွေကို ပြန်ရောင်းပေးရတယ်။”

စစ်ကောင်စီကတော့ အဆိုပါ ကားလမ်းမရှိ ကျေးရွာက ပြည်သူတွေကို တနင်္သာရီမြို့ပေါ်မှာ ဓာတ်ဆီတွေ သွားရောက်ဝယ်ယူခွင့်ပေးထားပြီးနောက် ဓာတ်ဆီဝယ်ယူပြီး ပြန်လာတဲ့သူတွေကို တနင်္သာရီမြို့ပေါ်ဂိတ်၊ ကမ္ပလိုင်းဂိတ်၊ ရေဖြူဂိတ်နဲ့ ထုံခါဂိတ်တွေမှာ ၅ ဂါလန် ဝင်ဆံ့တဲ့ ဓာတ်ဆီပုံးဝါ တလုံးအတွက် ကျပ် ၅၀၀၀ စီ တောင်းယူနေတယ်လို့ ချောင်းလမုရွာအုပ်စုမှ အမျိုးသမီးတယောက်က ပြောပါတယ်။

“တနင်္သာရီက ထွက်လာရင် ဒီဂိတ်တခုဆီကို ၅၀၀၀ စီ ပေးရတယ်။ ဓာတ်ဆီ သယ်ပေးရတဲ့သူတွေလည်း အသက်နဲ့ ရင်းထားရသလိုပါပဲ။ ဂိတ်ကို ၅၀၀၀ စီပေးရလည်း မကျေနပ်ရင် အဖမ်းခံရမှာလေ။ ၇ သောင်း၊ ၆ သောင်းဖိုးလောက် ဝယ်လာရင် လမ်းစရိတ်နဲ့ဆိုရင် ၈ သောင်း၊ ၉ သောင်း‌လောက် ပေးရတယ်။”

အဆိုပါကားလမ်းပိုင်းက ကျေးရွာတွေမှာ ဧပြီလအတွက် ဓာတ်ဆီဈေးနှုန်းတက်လာပြီး ဓာတ်ဆီ ၁ ဂါလန်ကို ကျပ် ၁၄၀,၀၀ ဈေးရှိကာ ၅ ဂါလန် ဝင်ဆံ့တဲ့ ဓာတ်ဆီပုံးဝါတလုံးကို ကျပ် ၇၀၀,၀၀ အထိ ရှိနေတယ်လို့ ပြောပါတယ်။

ဓာတ်ဆီဈေးတက်နေပေမဲ့ တောင်ယာလုပ်ကိုင်နေသူတွေနဲ့ ကျန်းမာရေးအတွက် မြို့ပေါ်ဒေသတွေကို ဆိုင်ကယ်နဲ့ မဖြစ်မနေ သွားကုသရမယ့်သူတွေအတွက် ဓာတ်ဆီကို လိုအပ်တာကြောင့် ဈေးနှုန်းတက်ပေမဲ့ ဝယ်‌ယူရမယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒါ့အပြင် တနင်္သာရီမြို့နယ်မှာ ကုန်ကားတွေ ဖြတ်သန်းသွားလာခွင့်မပေးတော့ ကြာပြီ ဖြစ်တာကြောင့် စားသောက်ကုန်တွေနဲ့ ဆေးဝါးရိက္ခာတွေလည်း အဆိုပါ နယ်မြေဒေသတွေမှာ ပြတ်လပ်နေပြီး ပြည်သူတွေအတွက် ဆိုးဝါးတဲ့ အခြေအနေတရပ် ကြုံနေရပါတယ်လို့ ဒေသခံဆီက သိရပါတယ်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ထဲက ဝင်းဝ စခန်းကုန်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၅၀၀၀ ခန့် စစ်ရှောင်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်က မင်းဒပ်ကျေးရွာအုပ်စု ဝင်းဝကျေးရွာက စစ်ကောင်စီရဲစခန်းကို ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အနီးတဝိုက် ကျေးရွာတွေက ပြည်သူတွေ စစ်ရှောင်နေရတယ်လို့ ကူညီပေးနေသူတယောက်က ပြောပါတယ်။

ဝင်းဝကျေးရွာနဲ့ အနီးအနားကျေးရွာတွေဖြစ်တဲ့ သဲချောင်းသား၊ မင်းဒပ်၊ ဝဲရစ်၊ ကမြိုင်၊ ရငဲ၊ ကျောက်ခမောက်၊ ကျွဲမင်းကုန်း၊ ကနက်သီရိစတဲ့ ကျေးရွာမှာ ရွာလုံးကျွတ် စစ်ရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဂုံညှင်းဆိပ်၊ ရေချိုချောင်း၊ ချောင်းဝပြင်၊ စုံစင်နဲ့ စုံစင်ဖျား စတဲ့ ကျေးရွာတွေကလည်း ပြည်သူတချို့ စစ်ရှောင်နေကြတယ်လို့ စစ်ရှောင်ကူညီနေသူက ဒေါန တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ရဲ့ ကိုယောနသံက ပြောပါတယ်။

“ဒီအနီးတဝိုက်မှာက စစ်ရှောင်စခန်းလို့တော့ မရှိဘူး။ အားလုံးကတော့ နီးစပ်ရာ တောတောင် ဥယျာဉ်ခြံတွေနဲ့ ဘေးလွတ်ရာတွေကို ရှောင်နေကြရတာပါ။” 

စစ်ဘေးရှောင်တွေမှာ လတ်တလော စားနပ်ရိက္ခာ ပြတ်လပ်နေပြီး တုပ်ကွေး အပါအဝင် နှာစေး၊ ချောင်းဆိုး အဖြစ်များနေတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးတွေမှာ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်ကစပြီး နေ့စဉ်ရက်ဆက် နေ့ရော၊ ညပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် နေအိမ် ပျက်စီးဆုံးရှုံးပြီး ဒေသခံတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013