
အင်အားပြင်းငလျင်ကြီးကြောင့် ရန်ကုန်-မန္တလေး-နေပြည်တော် အမြန်လမ်းမှာ ပျက်စီးခဲ့ရတဲ့ လမ်းပိုင်းတွေ ပြန်လည်မပြုပြင်နိုင်သေးတာကြောင့် ယာဉ်တွေ ခက်ခက်ခဲခဲ မောင်းနှင်နေရတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် နေပြည်တော်-ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ကွန်ကရစ်လမ်းပိုင်းတွေ ကျိုးကြေပျက်စီးခဲ့ပြီး ငလျင်လှုပ်ခတ်ပြီး ၂၈ ရက်ခန့် ရှိလာတဲ့အထိ ပြင်ဆင်နိုင်ခြင်းမရှိသေးတဲ့ လမ်းပိုင်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ရန်ကုန်မှ ယာဉ်မောင်း တယောက်က “မိုင်တိုင်အမှတ် ၃၅၈/၂ မှာရှိတဲ့ ဒုဋ္ဌဝတီတံတားနားက လမ်းပိုင်းဆို မကောင်းတာ ပိုဆိုးတယ်။ ကား ၂ စီးဆုံရင် ရှောင်မရဘူး။ ဝိတ်အများနဲ့လည်း သွားမရသေးဘူး” လို့ ပြောပါတယ်။
အင်အားပြင်း ငလျင်ဒဏ်ကြောင့် မြေသားတွေကြေမွ ပျက်စီးမှု ၂၈၃ နေရာ၊ လမ်းမြေသားတွေ ပျက်စီး၊ လှိုင်းတွန့်ထွက်ပျက်စီးမှု ၁၈၅ နေရာ၊ မြေသားကျွံကျပျက်စီးမှု ၁၀၇ နေရာ၊ အက်ကြောင်းထ ပျက်စီးမှု ၂၁၁ နေရာအထိ ရှိခဲ့တယ်လို့ လမ်းပိုင်း အသုံးပြုသူတွေဆီကနေ သိရပါတယ်။
မန္တလေး ကုန်စည်ယာဉ်မောင်း တယောက်က “လမ်းပိုင်းတွေကို ပြင်ဆင်နေတာတော့ တွေ့ရပါတယ်။ ထိရောက်မှုအား နည်းတာပေါ့နော်။ လမ်းမကောင်းတာကြောင့် ၁ နာရီ ခရီးက ၂ နာရီ မောင်းနေတယ်။ တချို့နေရာတွေဆို ဆင်းလျှောက်နေရတာ” လို့ ပြောပါတယ်။
လမ်းပိုင်းတွေ ပျက်စီးခဲ့တာကြောင့် ရန်ကုန်-နေပြည်တော်-မန္တလေး ကုန်စည်ပို့ဆောင်သယ်ယူရေး လုပ်ငန်းတွေပါ ထိခိုက်ခက်ခဲနေတယ်လို့ ကုန်စည် ယာဉ်မောင်းတွေက ဆိုပါတယ်။