
MNDAA ကိုးကန့်တပ် ဆုတ်ခွာပေးရတဲ့ လားရှိုးမြို့ကို စစ်ကောင်စီဘက်က အင်အား ထောင်ချီပြီး ဝင်ရောက်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် MNDAA ကိုးကန့်တပ် ဆုတ်ခွာပေးရတဲ့ လားရှိုးမြို့အတွင်းကို ဧပြီ ၁၈ ရက်ကစပြီး စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာတွေနဲ့ မိသားစုဝင်တွေဟာ ကားကြီး ကားငယ်နဲ့ မိုင်းရယ်မြို့ဘက်ကနေ ဝင်ရောက်လာပါတယ်။
အခုလက်ရှိ လားရှိုးထဲဝင်လာတာ လူအင်အား ၂,၀၀၀ ကျော်ပြီဖြစ်တယ်လို့ မြို့ခံတွေက DVB ကို ပြောပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာတွေ ဝင်ရောက်လာဖို့ လားရှိုးကို တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေ ရောက်ရှိလာပြီး ဆောင်ရွက်ခဲ့တာပါ။
လက်ရှိ လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်ကို တရုတ်နိုင်ငံက ကြားဝင်ပြီး ကိုးကန်နဲ့ စစ်ကောင်စီက ညှိနှိုင်းအုပ်ချုပ်မှာ ဖြစ်တယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ လားရှိုးမြို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တဲ့အတွက် မြို့ခံတွေကြားမှာ စိုးရိမ်မှုတွေလည်း ရှိနေတာပါ။
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့ကို MNDAA အဖွဲ့က စစ်ကောင်စီကို လွှဲပြောင်းပေးအပ်ဖို့ တရုတ်နိုင်ငံက ကြားဝင်ခဲ့တာဖြစ်ပြီး အပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့ကိုလည်း လားရှိုးကို စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို အလေးထားပါတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မစ္စတာ ဂျိုဂျခွနက မီဒီယာတွေကို ဖြေကြားထားပါတယ်။
လားရှိုးမြို့ကို MNDAA ကိုးကန့်တပ် ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေက ၂၀၂၄ သြဂုတ် ၃ ရက်မှာ အပြီးတိုင် သိမ်းယူနိုင်ခဲ့တာပါ။
စစ်ကောင်စီကို လားရှိုးမြို့ လွှဲအပ်ဖို့ တရုတ်နိုင်ငံက လက်တွေ့ကျကျ စွက်ဖက်နေတဲ့အပေါ် ပြည်သူတွေကြားမှာ ဝေဖန်နေကြပါတယ်။