
အမေရိကန်သတင်းဌာနတွေဖြစ်တဲ့ VOA နဲ့ RFA ကို မူလအတိုင်း ပြန်လည် လည်ပတ်ဖို့ တရားရုံးက အမိန့်ချထားပေမဲ့ အစိုးရရှေ့နေတွေဘက်က အယူခံဝင်ပြီး အမှုကို အချိန်ဆွဲလာနိုင်ဖွယ်ရှိတယ်လို့ VOA မြန်မာပိုင်းဌာနအမှုထမ်းက ပြောပါတယ်။
အမေရိကန်သတင်းဌာနတွေဖြစ်တဲ့ Voice of America - VOA နဲ့ Radio Free Asia – RFA ဝန်ထမ်းအားလုံးကို ပြန်လည်ခန့်ထားဖို့နဲ့ ထရမ့်ပ်အစိုးရက ဖြတ်တောက်ပစ်ခဲ့တဲ့ အဲဒီမီဒီယာတွေအတွက် ကွန်ဂရက်လွှတ်တော်ရန်ပုံငွေအားလုံးကို ပြန်လည်ပေးအပ်ဖို့ ထရမ့်အစိုးရကို ဖယ်ဒရယ်တရားသူကြီးတယောက်က ဧပြီ ၂၂ ရက်မှာ အမိန့်ချမှတ်လိုက်ပါတယ်။
သမ္မတထရမ့်ပ်ရဲ့အမိန့်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း VOA ဘက်ကတရားပြန်စွဲထားတဲ့အမှု ၂ ခုရှိခဲ့ပြီး တခုက ဂျာနယ်လစ်တွေ လုပ်ငန်းပုံမှန်ပြန်လည်ပတ်နိုင်ရေးတောင်းဆိုချက်နဲ့ စွဲထားတဲ့အမှုဖြစ်ပါတယ်။
နောက်တခုကတော့ VOA ဒါရိုက်တာက သမ္မတထရမ့်ပ်ရဲ့ အမိန့်ဟာ လွတ်တော်မှာ ပြဋ္ဌာန်း ထားတဲ့ဥပဒေတွေကို ကျော်လွန်နေတာကြောင့် တရားမဝင်ကြောင်း စွဲဆိုထားတဲ့အမှုဖြစ်ပြီး တရားရုံးက အမှု ၂ ခုစလုံးမှာ VOA ဝန်ထမ်းတွေဘက်က ရပ်တည်ပြီး အမိန့်ချမှတ်ခဲ့တယ်လို့ VOA မြန်မာပိုင်း အစီအစဉ်တက်ဆက်သူမအင်ကြင်းနိုင်က ပြောပါတယ်။
“တရားသူကြီးရဲ့ ကနဦးဆုံးဖြတ်ချက်အမိန့်ချမှတ်လိုက်တဲ့အပေါ် အားရကျေနပ်မိပါတယ်။ သတင်းတွေကို လွတ်လွတ်လပ်လပ်တင်ဆက်ပါဆိုပြီး အနိုင်ပေးလိုက်တယ်။ RFA ကိုတရားရုံးက အမှု ၂ ခု စလုံးမှာ VOA ဝန်ထမ်းတွေဘက်က ရပ်တည်ပြီး အမိန့်ချထားပေမဲ့ ထရမ့်အစိုးရရှေ့နေတွေဘက်က အယူခံဝင်ပြီး အမှုကိုအချိန်ဆွဲလာနိုင်ဖွယ်ရှိတယ်လို့လည်း မအင်ကြင်းနိုင်က ဆက်ပြောပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဒေသစံတော်ချိန် မတ်လ ၁၄ ရက်နေ့မှာ သတင်းဌာနတွေကို စီမံကိုင်တွယ်တဲ့ ဂလိုဘယ်မီဒီယာ အစိုးရအေဂျင်စီ USAGM -United States Agency for Global Media အပါအဝင် တခြားအစိုးရအေဂျင်စီ ၆ ခုရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို အနည်းဆုံးဖြစ်အောင်ထားဖို့ ညွှန်ကြားချက်မှာလက်မှတ်ရေးထိုးခဲ့တာပါ။
သမ္မတထရမ့်ပ်အမိန့်နဲ့ VOA လုပ်ငန်းတွေရပ်ဆိုင်းထားတာကို ကန့်ကွက်ခဲ့တဲ့ VOA သတင်းသမားတွေရဲ့ အမှုကို မတ်လ ၂၈ ရက်နေ့မှာ နယူးယောက်မြို့တောင်ပိုင်းခရိုင်တရားရုံးမှာ ပထမအကြိမ်စစ်ဆေးခဲ့ပြီး ဧပြီလ ၁၇ ရက်က မြို့တော်ဝါရှင်တန်ဒီစီ ခရိုင်တရားရုံးမှာ ဒီစီခရိုင်တရားသူကြီးက နှစ်ဖက်ကြားနာခဲ့တာပါ။
သမ္မတထရမ့်ပ်အမိန့်နဲ့ VOA လုပ်ငန်းတွေရပ်ဆိုင်းထားတာနဲ့ ပတ်သက်ပြီးရှေ့ဆက် ဘာမှမလုပ်ဖို့ ယာယီတားမြစ်တဲ့ တရားရုံးအမိန့်ကို မြို့တော်ဝါရှင်တန်ဒီစီ ခရိုင်တရားရုံးက ဒေသစံတော်ချိန် ဧပြီလ ၁၈ ရက်နေ့မှာ သက်တမ်းထပ်ပြီးတိုးမြှင့်ခဲ့ပါတယ်။
ဒေသစံတော်ချိန် ဧပြီ ၂၂ ရက်မှာတော့ VOA ဝန်ထမ်းတွေ ပုံမှန်အတိုင်းလုပ်ငန်းခွင်ပြန်ဝင်ဖို့ ဒီစီခရိုင်တရားသူကြီးက အမိန့်ချခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ VOA သတင်းဌာနက ရပ်ဆိုင်းခံထားရပြီး RFA ကတော့ ဝန်ထမ်းတချို့နဲ့ ဆက်လက်လုပ်ကိုင်နေပါတယ်။
ဖူးအိအိနွယ်