DVB Logo
Home
နိုင်ငံတကာ
အီလွန်မတ်စ်ခ်က DOGE ဌာန တာ၀န်များလျှော့ပြီး Tesla ကုမ္ပဏီကို အာရုံပြန်စိုက်မည်
DVB
·
April 23, 2025
အီလွန်မတ်စ်ခ်က DOGE ဌာန တာ၀န်များလျှော့ပြီး Tesla ကုမ္ပဏီကို အာရုံပြန်စိုက်မည်
Donate to DVB

Tesla ရှယ်ယာစျေးတွေ ၃၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားပြီးနောက် စီအီးအိုဖြစ်တဲ့ အီလွန်မတ်စ်ခ်က ကုမ္ပဏီဘက်ကို ပြန်လာမယ်လို့ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ အတည်ပြုပါတယ်။

ထရမ့်ပ် အစိုးရအဖွဲ့မှာ အကြံပေးအဖြစ် ထမ်းဆောင်နေတဲ့ မတ်စ်ခ်က သူ့ရဲ့ အငြင်းပွားဖွယ်ရာ ရာထူးတာဝန်တွေကို တစိတ်တပိုင်း လျှော့ချသွားမယ်လို့လည်း ဆိုပါတယ်။

အထူးသဖြင့် မတ်စ်ခ်ရဲ့ အစိုးရအကျိုးထိရောက်မှုရှိရေးဌာန (DOGE) မှာ အသုံးစရိတ် ဖြတ်တောက်ရေး ဆောင်ရွက်ချက်တွေကြောင့် Tesla ကုမ္ပဏီရဲ့ အမြတ်နဲ့ ရောင်းအား ကျဆင်းမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ဒါကြောင့် “လာမယ့် မေလကစပြီး DOGE ဌာနအတွက် အချိန်ပေးထားမှု သိသိသာသာ လျှော့ချသွားမယ်” လို့ မတ်စ်ခ်ကိုယ်တိုင် ရင်းနှီးမြှုပ်နှံသူတွေကို အသိပေးခဲ့ပါတယ်။

အခုလိုမျိုး လက်ယာစွန်းနိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် ကမ္ဘာတဝန်းမှာ Tesla ကုမ္ပဏီအပေါ် သပိတ်မှောက် ဆန္ဒပြမှုတွေ ရှိလာခဲ့တဲ့အလျောက် မတ်စ်ခ်က တပတ်ကို ၁ ရက် ဒါမှမဟုတ် ၂ ရက်သာ အစိုးရတာဝန်အတွက် အချိန်ပေးတော့မယ်လို့ ဖြည့်စွက်ပြောပါတယ်။

၂၀၂၅ ပထမသုံးလပတ်မှာ Tesla ရဲ့ ထုတ်ပြန်ချက်အရ ဝင်ငွေ ၂၀ ရာခိုင်နှုန်းအထိ လျော့ကျသွားသလို အမြတ်ရရှိမှုကလည်း ၇၀ ရာခိုင်နှုန်းကျော်အထိကို ကျဆင်းသွားခဲ့ပါတယ်။

ဒါပေမဲ့လည်း မတ်စ်ခ်ဟာ DOGE ဌာနက သူ့တာဝန်ကို “အရေးကြီးတယ်” ဆိုပြီး ကာကွယ်ခဲ့တဲ့အပြင် “အစိုးရလည်ပတ်တဲ့စနစ် ပြင်ဆင်ရာမှာပါ အများစုပြီးသွားပြီ” ဖြစ်ကြောင်း ပြောဆိုပါတယ်။

ဒါ့အပြင် ထရမ့်ပ်ရဲ့ တရုတ်ပြည်မကြီးအပေါ် အခွန်တိုးကောက်မှုတွေကလည်း Tesla ကို သက်ရောက်မှုများစွာ ဖြစ်စေတယ်ဆိုပြီး ဖော်ပြထားပါတယ်။

“အပြောင်းအလဲမြန်တဲ့ ကုန်သွယ်ရေးမူဝါဒတွေ” ဟာ Tesla ရဲ့ ထောက်ပံ့ရေးကွင်းဆက်ကို ထိခိုက်စေနိုင်ပြီး ကုန်ကျစရိတ်တွေပါ မြင့်တက်စေတယ်လို့ လျှပ်စစ်ကားထုတ်လုပ်ရေး ကုမ္ပဏီဘက်က ထုတ်ပြန်ပါတယ်။

အမေရိကန်စျေးကွက်ထဲ ရောင်းချနေတဲ့ Tesla ကားတွေဟာ ပြည်တွင်းမှာတပ်ဆင်တာ ဖြစ်ပေမဲ့လည်း တရုတ်နိုင်ငံကထုတ်တဲ့ အစိတ်အပိုင်းများစွာကို လိုအပ်တာမျိုး ရှိပါတယ်။

Tesla ကားရောင်းအားက ပထမသုံးလပတ်မှာ ၁၃ ရာခိုင်နှုန်းကို ကျဆင်းတဲ့အလျောက် ၃ နှစ်အတွင်း အနိမ့်ဆုံးစံချိန် ဖြစ်ခဲ့ပါတယ်။

အနာဂတ်မှာ AI ဉာဏ်ရည်တုနည်းပညာဟာ Tesla ကုမ္ပဏီ တိုးတက်ရေးအတွက် အထောက်အကူ ဖြစ်နိုင်တယ်လို့ ဆိုထားပေမဲ့လည်း ရင်းနှီးမြှုပ်နှံသူတွေကတော့ ဒါကို သံယယရှိကြောင်းသာ ဖော်ပြခဲ့ကြပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013