
အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့ မက်ထရိုပိုလီတန် ဘုရားရှိခိုးကျောင်းမှာ ဧပြီ ၂၂ ရက်က ကျင်းပတဲ့ ဘာသာပေါင်းစုံ စုဝေးပွဲ အခမ်းအနားမှာ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ကြပါတယ်။
ဒီအခမ်းအနားကို ကက်သလစ်ဘာသာ၊ ခရစ်ယာန်ဘုရားကျောင်း၊ ဂျူးဘာသာ၊ အစ္စလာမ်၊ အာမေးနီးယန်း တမန်တော် ဘုရားကျောင်း၊ ဧဝံဂေလိ ပရိုတက်စတင့် ဘုရားကျောင်းတွေနဲ့ ဧဝံဂေလိ ပန်တီကော့စတယ် ဘုရားကျောင်းတို့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
ကက်သလစ်ဘာသာဝင် တယောက်အဖြစ် သူ့ဘဝတလျှောက်လုံး ဘာသာတရားတွေကြားမှာ တက်တက်ကြွကြွ ဆွေးနွေးမြှင့်တင်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ အခန်းကဏ္ဍကို ကိုယ်စားလှယ် အသီးသီးက မိန့်ခွန်းတွေအတွင်း အလေးပေး ဖော်ပြခဲ့ပါတယ်။
အသက် ၈၈ နှစ်အရွယ် ဖရန်စစ်ဟာ ဧပြီ ၂၁ ရက်မှာ လေဖြတ်ခြင်းနဲ့ နှလုံးရပ်ခြင်း ဝေဒနာတွေကို ခံစားခဲ့ရပါတယ်။
သူဟာ အစဉ်အလာဝါဒီတွေနဲ့ ထပ်ခါတလဲလဲ ထိပ်တိုက်တွေ့ခဲ့ပြီး ဆင်းရဲနွမ်းပါးသူတွေနဲ့ အပယ်ခံတွေဘက်က ရပ်တည်ကာကွယ်ပေးရင်း မကြာခဏ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ သူ့ အုပ်ချုပ်မှုကာလ အဆုံးသတ်ခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပနအခမ်းအနားကို စနေနေ့ မနက် ၁၀ နာရီ စိန့်ပီတာရင်ပြင်မှာ ကျင်းပမှာ ဖြစ်ပြီး ဂိုဏ်းချုပ်ဘုန်းတော်ကြီးအဖွဲ့ အကြီးအကဲ အသက် ၉၁ နှစ်အရွယ် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဂျိုဘန်းနီး ဘတ်တီစတာက ကြီးကြပ်ကွပ်ကဲမှာ ဖြစ်ပါတယ်။
Source : Reuters