DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပြည်တွင်းရေး တရုတ်စွက်ဖက်မှု ပြည်တွင်းစစ်မီး ပိုတောက်လောင်စေနိုင်ဟု သုံးသပ်
DVB
·
April 23, 2025
မြန်မာ့ပြည်တွင်းရေး တရုတ်စွက်ဖက်မှု ပြည်တွင်းစစ်မီး ပိုတောက်လောင်စေနိုင်ဟု သုံးသပ်
Donate to DVB

တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ပေါ်ပေါ်ထင်ထင် ဝင်ရောက်စွက်ဖက်လိုက်တာဟာ ပြည်တွင်းစစ်မီးကို အခုထက်ပိုပြီး တောက်လောင်စေနိုင်တယ်လို့ တရုတ်နိုင်ငံရေး ကျွမ်းကျင်သူတွေနဲ့ နိုင်ငံရေးအသိုက်အဝန်းက ဝေဖန်လိုက်ပါတယ်။

ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို အာဏာသိမ်းစစ်ကောင်စီ လက်ထဲကို လွှဲအပ်ပေးရေး အဆင်ပြေစေဖို့အတွက် တရုတ်နိုင်ငံက အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းနဲ့ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးအဖွဲ့ကို မြန်မာနိုင်ငံထဲကို စေလွှတ်ပြီး ဆောင်ရွက်စေခဲ့တဲ့အပေါ် အခုလို ဝေဖန်ကြတာပါ။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို တိုက်ရိုက် ဝင်ရောက်စွက်ဖက်လာတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်ကြောင့်  လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေရဲ့ အရှိန်ကို လျှော့ချနိုင်ခြင်းမရှိဘဲ အခုထက် ပိုမိုပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပေါ်လာနိုင်တယ်လို့လည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။

တရုတ်နိုင်ငံဘက်ကတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို အလေးထားပြီး မြန်မာနိုင်ငံ မြောက်ပိုင်းက သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးရဲ့ ဆန္ဒနဲ့ တောင်းဆိုချက်တွေကို အခြေခံပြီး အဲဒီဒေသရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတာလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အဲဒီအပြင် လားရှိုးမြို့ကို စေလွှတ်ထားတဲ့ အပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့ဟာ စစ်ကောင်စီတပ်နဲ့ MNDAA အကြား အပစ်အခတ်ရပ်စဲရေးကို ကြီးကြပ်နေပြီး လားရှိုးမြို့ကို ချောမွေ့တည်ငြိမ်စွာ လွှဲပြောင်းပေးအပ်တာကို ကြည့်ရှုနေတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဘက်က အခုလို မြန်မာနိုင်ငံပိုင်နက် နယ်မြေထဲအထိ ဝင်ရောက်ပြီး နယ်စပ်ဒေသ တည်ငြိမ်ရေးကို ဆောင်ရွက်နေတာဟာ အချုပ်အခြာအာဏာကို ကျူးကျော်လိုက်တာဖြစ်ပေမဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား သဘောတူညီမှုတွေ ကြီးကြီးမားမားရှိမနေဘဲ အခုလို ဆောင်ရွက်မှာ မဟုတ်ဘူးလို့ အမည်မဖော်လိုတဲ့ တရုတ်မြန်မာအရေး ကျွမ်းကျင်သူက ပြောပါတယ်။

တရုတ်နယ်စပ်ဒေသ တည်ငြိမ်မှသာ တရုတ်နိုင်ငံဘက်က ဖော်ဆောင်နေတဲ့ ပိုးလမ်းမ စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်နိုင်မှာ ဖြစ်တာကြောင့် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး ဆိုတာထက် ကိုယ်ကျိုးစီးပွားတခု အပေါ်မှာပဲ အခြေခံ စဉ်းစားနေတယ်လို့ ဒေါက်တာမျိုးနိုင်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဘက်ကတော့ လားရှိုးမြို့ထဲကို အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့တွေကို ပြန်လည်ဝင်ရောက်လာနိုင်ဖို့ ကြိုးစားခဲ့တဲ့ တရုတ်နိုင်ငံရဲ့ အခုလို ဆောင်ရွက်ချက်ဟာ ဒေသခံလူထုအတွက် ပိုပြီး ဒုက္ခတွေ့စေနိုင်တာကြောင့် မြန်မာနိုင်ငံအရေးကို ဖြေရှင်းဖို့ ကြိုးစားကြတဲ့ နိုင်ငံတကာအနေနဲ့ လူထုဆန္ဒနဲ့အညီ ဆောင်ရွက်ဖို့လိုပြီး ဖြေရှင်းပုံ ဖြေရှင်းနည်း မမှန်ကန်တဲ့အခါမှာ ပြဿနာက အခုထက် ပိုဆိုးရွားလာနိုင်တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတိပေးပါတယ်။

တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံအရေး ဝင်ရောက်စွက်ဖက်မှုတွေ ဆောင်ရွက်တဲ့အခါမှာ တပြည်လုံး အတိုင်းအတာအနေနဲ့ ဆောင်ရွက်တာ မတွေ့ရဘဲ လူတို့ရဲ့ အကျိုးစီးပွားတွေ ရှိနေတဲ့နေရာနဲ့ ပထဝီနိုင်ငံရေးအရရော စီးပွားရေးအရ အချက်အခြာကျတဲ့ ဒေသတွေကို လွှမ်းမိုးနိုင်ရေး ကြိုးစားတာ တွေ့ရတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) (NCA-S) ဥက္ကဋ္ဌက သုံးသပ်ပါတယ်။

လက်ရှိ လားရှိုးမြို့ထဲအထိ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးအဖွဲ့က နယ်စပ်ကိုဖြတ်ပြီး မြန်မာနိုင်ငံထဲ ဝင်ရောက်လာတာဟာ အဲဒီဒေသမှာ ဆောင်ရွက်နေတဲ့ ပိုးလမ်းမစီမံကိန်းတွေနဲ့ နယ်စပ်ကုန်သွယ်ရေးကို ဆောင်ရွက်စေဖို့ ဖြစ်တယ်လို့ PNLO/NCA-S ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့ MNDAA က အာဏာသိမ်းစစ်ကောင်စီရဲ့ လားရှိုး အပါအဝင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နဲ့ လားရှိုးမြို့ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၃ ရက်က သိမ်းပိုက်ခဲ့ပြီး သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ လည်ပတ်ခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာ တရုတ်နိုင်ငံက ကြားဝင်ပြီး အာဏာသိမ်းစစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့တွေကို တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးစေပြီး အဲဒီဆွေးနွေးမှုရလဒ်တွေအရ လားရှိုးမြို့က စစ်ကောင်စီလက်ထဲကို ပြန်ထည့်ဖို့ သဘောတူခဲ့ကြတာပါ။

ကိုးကန့်အဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတို့အကြား အပစ်အခတ်ရပ်စဲရေးအတွက် စောင့်ကြပ်ကြည့်ရှုမယ့် တရုတ်နိုင်ငံဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့ချိန်ကလည်း အသိသက်သေအဖြစ် ပါဝင်ခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013