
ဆယ်စုနှစ်တခုကြာအောင် နည်းပညာဆိုင်ရာ ထပ်ခါတလဲလဲ မွမ်းမံရင်း တိုးတက်လာလို့ တရုတ်နိုင်ငံရဲ့ J-20 ကိုယ်ပျောက်တိုက်လေယာဉ်ဟာ ၂၀၁၆ ခုနှစ် ပွဲဦးထွက်တုန်းက အင်ဂျင်တွေကို ပြည်ပကနေ တင်သွင်းလာခဲ့ရပြီး ခုတော့ ပြည်တွင်းမှာ အပြည့်အဝ တည်ဆောက်နိုင်ပြီလို့ CCTV သတင်းဌာနက ထုတ်ပြန်ပါတယ်။
ထိုင်ခုံတလုံးပါတဲ့ အဆင့်ကနေ ထိုင်ခုံ ၂ လုံးပါပြီး ဉာဏ်ရည်ထက်မြက်တဲ့ ပေါင်းစပ်ညှိနှိုင်းမှုအထိ ဆက်ပြီး အဆင့်မြှင့်တင်ထားတယ်လို့လည်း ပြောပါတယ်။
J-20 ကို ၂၀၁၁ ခုနှစ်မှာ ပထမဆုံး ပျံသန်းပြခဲ့ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်၊ ကျူးဟိုင်မြို့မှာ ကျင်းပတဲ့ ၁၁ ကြိမ်မြောက် လေကြောင်းပြပွဲမှာ အများပြည်သူကို ပထမဆုံးအကြိမ် ပြသခဲ့ပါတယ်။
ဆယ်စုနှစ်တခုကြာ အဆင့်မြှင့်တင် ကြိုးပမ်းချက် မှတ်တိုင်တခုကတော့ ကျူးဟိုင်မှာ ကျင်းပတဲ့ ၂၀၂၁ ခုနှစ် လေကြောင်းပြပွဲမှာ ပြည်တွင်းမှာ တည်ဆောက်ထားတဲ့ အင်ဂျင်တွေကို တပ်ဆင်ထားတဲ့ J-20 တိုက်လေယာဉ်တွေကို ပွဲဦးထွက် ပြသခဲ့ပါတယ်။
ပြည်တွင်းအင်ဂျင်နဲ့ဆိုရင် J-20 ဟာ အသံထက်မြန်တဲ့ အမြန်နှုန်းနဲ့ ပိုကြာကြာပျံသန်းနိုင်သလို ပိုကြီးတဲ့ ဝန်တင်ဆောင်နိုင်စွမ်းနဲ့ ပိုဝေးဝေး ပျံသန်းနိုင်ပါတယ်။
စစ်ရေးလေ့လာသူ ဝမ်မင်လျန်က “ဒါက ကျနော်တို့ရဲ့ ကိုယ်ပိုင်စွမ်းအားကို ပိုမိုအဆင့်မြင့်တဲ့ နောက်မျိုးဆက် တိုက်လေယာဉ်တွေ တီထွင်ဖို့အတွက်လည်း အခြေခံအုတ်မြစ် ချပေးပါတယ်” လို့ ပြောပါတယ်။
ကမ္ဘာပေါ်မှာ လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့တဲ့ ၂ ယောက်ထိုင် စတဲ့လ်သ် ကိုယ်ပျောက် ပဉ္စမမျိုးဆက် လေယာဉ်အဖြစ် J-20S ဟာ တယောက်ထိုင် တိုက်လေယာဉ်တွေရဲ့ မစ်ရှင်ကန့်သတ်ချက်တွေကို ကျော်လွန်ခဲ့ပါတယ်။
ရှေ့ထိုင်ခုံ လေယာဉ်မှူးက လေကြောင်းတိုက်ခိုက်ရေးနဲ့ နည်းဗျူဟာမြောက် လှုပ်ရှားသွားလာမှုကို အာရုံစိုက်ပြီး နောက်ထိုင်ခုံ အော်ပရေတာက လူမဲ့ဖွဲ့စည်းမှု အမိန့်ပေးမှု၊ အခြေအနေညှိနှိုင်းမှု၊ ဉာဏ်ရည်ထက်မြက်တဲ့ ပူးပေါင်းဆောင်ရွက်မှု၊ မြေပြင်နဲ့ ရေကြောင်း စစ်ဆင်ရေး စီမံကိန်း ရေးဆွဲခြင်းတို့ကို ကိုင်တွယ်ပါတယ်။
အနာဂတ်ရဲ့ ဉာဏ်ရည်ထက်မြက်တဲ့ လူမဲ့နဲ့ စနစ်အခြေပြု လေကြောင်းတိုက်ခိုက်ရေး အခြေအနေတွေအတွက် ပိုသင့်တော်တဲ့ပုံစံ ဖွဲ့စည်းမှုလည်း ဖြစ်ပါတယ်။
J-20 ဟာ လေကြောင်းတိုက်ခိုက်ရေးစနစ် အမျိုးအစားအသစ်တခုရဲ့ တပ်မှူးတယောက်အဖြစ် ဖော်ပြနိုင်ပါတယ်လို့လည်း ဝမ်က ပြောပါတယ်။
Source: Reuters











