
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ပိန်းတောကြီးကျေးရွာမှာ ဇူလိုင် ၅ ရက် ညနေပိုင်းက လေဆင်နှာမောင်း တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၄၅ အိမ် ထိခိုက်ပျက်စီးခဲ့ပြီး လူဦးရေ ၂၀၀ ကျော် နေထိုင်စရာ အခက်ခဲတွေနေတယ်လို့ သံတွဲဒေသခံတွေဆီက သိရပါတယ်။
ပိန်းတောကြီးကျေးရွာမှာ ဇူလိုင် ၅ ရက် ညနေ ၆ နာရီဝန်းကျင်မှာ လေဆင်နှာမောင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ် ၄၅ အိမ်လောက် ပျက်စီးခဲ့ကာ ဒေသခံ ကျေးရွာသားတွေဟာ အမိုးအကာမရှိဘဲ နေနေကြရတယ် လို့ ပိန်းတောရွာသားတယောက်က ပြောပါတယ်။
“လေဆင်နှာမောင်း တိုက်ခိုက်သွားတာ အရမ်းကြောက်ဖို့ကောင်းတယ်။ ဒီလို လေဆင်နှာမောင်းတိုက်တာ တခါမှ မကြုံဖူးဘူး။ အိမ် ၄၀ ကျော် ပျက်စီးသွားတယ်။ တချို့ အိမ်တွေဆို လုံးဝပျက်စီးသွားတာ။ အဲဒီပျက်စီးသွားတဲ့ အိမ်တွေက ကျေးရွာသား ၂၀၀ ကျော် နေဖို့ထိုင်ဖို့ အခက်ခဲတွေ ရှိနေကြပြီး အမိုးအကာနဲ့ စားဝတ်နေရေးအတွက် အရေးကြီး အကူအညီတွေ လိုအပ်နေကြတယ်။ လောလောဆယ်တော့ ကျေးရွာသားတွေနဲ့ ဒေသအာဏာပိုင်တွေ ပူးပေါင်းပြီး စီစဉ်နေကြတာတော့ ရှိတယ်။ လူအထိအခိုက်တော့ မရှိဘူး။”
လက်ရှိမှာ လေဆင်နှာပြောင်းကြောင့် အိုးအိမ် ပျက်စီးသွားတဲ့ အိမ်တွေကို ဒေသခံတွေကို ကျေးရွာတွင်းရှိ နီးစပ်ရာ ဆွေမျိုးတွေ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ ယာယီခိုလှုံနေကြရပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနေတာကြောင့် ရေကြောင်းခရီးသွားလာတာ သတိပြုကြဖို့ ဒေသအာဏာပိုင်တွေက သတိပေးထားပါတယ်။
ဒါ့အပြင် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းရာကနေ အားအလွန်ကောင်းနေပြီး အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေ ဘာလဆောမြို့အနီးက ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း အပါဝင် ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက် ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်တာကြောင့် အထူးသတိထားကြဖို့ကိုလည်း မိုးလေဝါသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။










