
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ ပြည်သူတွေဆီကနေ ခြိမ်းခြောက်ငွေညှစ်လုယက်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ကို ဧပြီ ၂၁ ရက်နေ့မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ Chinland Defense Force - Hakha (CDF Hakha) ဆီကနေ သိရပါတယ်။
CDF Hakha ရဲ့ပြန်ကြားရေးတာဝန်ခံက “ဟားခါးမြို့ပေါ်မှာရှိတဲ့ ပြည်သူတွေဆီကို လက်နက်အားကိုးပြီး အကြမ်းဖက် ခြိမ်းခြောက်ငွေညှစ်လုယက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့ဝင် ၂ ယောက်ကို လက်နက်ခဲယမ်းတွေ၊ စားသောက်ကုန်တွေ၊ ဟန်းဖုန်းတွေနဲ့အတူ ဖမ်းဆီးနိုင်ခဲ့တာ” လို့ ပြောပါတယ်။
ဟားခါးမြို့ပေါ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီလက်အောက်ခံတွေဟာ ပြည်သူတွေဆီကနေ ခြိမ်းခြောက်ငွေညှစ်တာ၊ လုယက်တာတွေကို မကြာခဏပြုလုပ်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။
CNA အဖွဲ့ဝင်တယောက်က “ဟားခါးမြို့ပေါ်မှာရှိနေတဲ့ စစ်တပ် လက်အောက်ခံတွေဆီ ရိက္ခာပို့တဲ့ လမ်းကြောင်းတွေကို ချင်းပူးပေါင်းမဟာမိတ်တပ်တွေက ပိတ်ဆို့ထားတယ်။ လေကြောင်းကနေ ရိက္ခာပို့ဖို့ ဆိုတာကလည်း သူတို့ ရဟတ်ယာဥ်ကို ပစ်ချမှာစိုးလို့ မလာရဲဘူး။ အဲဒီတော့ ဟားခါးမြို့ပေါ်က သူတို့လက်အောက်ခံတွေ ငတ်ပြတ်ပြီးတော့ စားစရာပြတ်ရင် လက်နက်အားကိုးနဲ့ ပြည်သူကို အနိုင်ကျင့်ကြတာ” လို့ DVB ကို ပြောပါတယ်။
ဟားခါးပြည်သူတွေကို ဒုက္ခမျိုးစုံပေးနေတဲ့ စစ်ကောင်စီ လက်အောက်ခံတွေကို ဆက်လက်ပြီး စောင့်ကြည့်စစ်ဆေးဖမ်းဆီးအရေးယူသွားမယ်လို ဆိုပါတယ်။