
ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှာ CDF-ဟားခါး၊ CNA အမည်နဲ့ သေနတ်၊ ဗုံးအတုတွေသုံးကာ ခိုးဆိုးလုယက်နေသူတွေကို ဖမ်းဆီးရမိရေးလုပ်ဆောင်နေပြီး ပြင်းထန်စွာအရေးယူမယ်လို့ ဟားခါးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ ဖြစ်တဲ့ CDF-ဟားခါး က ဩဂုတ် ၁၀ ရက်မှာ ချင်းဘာသာနဲ့ ထုတ်ပြန်ပါတယ်။
ဟားခါးမြို့ပေါ်မှာ ချင်းအမျိုးသားတပ်မတော် (CNA) ဒါမှမဟုတ် CDF-ဟားခါး အမည်သုံးပြီး လုယက်တိုက်ခိုက်နေတဲ့ လူငယ် အများအပြားရှိနေကြောင်း၊ ဒီလူအုပ်စုတွေဟာ နေအိမ်ဖောက်ထွင်းတာ၊ ခိုးတာနဲ့ လမ်းသွားလမ်းလာတွေကို အုပ်စုဖွဲ့ ရိုက်နှက် နှောက်ယှက်တာတွေ ပြုလုပ်နေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီလို တော်လှန်ရေးအဖွဲ့တွေအမည်ကို အလွဲသုံးစားလုပ် ခိုးဆိုးလုယက်နေသူတွေကို လိုက်လံဖမ်းဆီးဖို့ လုပ်ဆောင်နေပြီး ဖမ်းမိပါက CNA အမည်နဲ့ ခိုးဆိုးလုယက်နေသူတွေကို CNA ထံ လွှဲပြောင်းမှာဖြစ်သလို မိမိတို့အဖွဲ့အမည်ကို သုံးထားသူတွေ ဖြစ်ပါက CDF-ဟားခါးကိုယ်တိုင် ပြင်းထန်စွာ အရေးယူမယ်လို့ ဆိုပါတယ်။
ဟားခါးမြို့ ဒုစရိုက်ကင်းဝေးစေရေးအတွက် မိဘတွေအနေနဲ့ မိမိသားသမီးတွေကို စောင့်ကြည့်ဖို့၊ ရပ်ကွက်အတွင်းက စည်းကမ်းရှိ လူငယ်တွေနဲ့ စုပေါင်းပြီး ခိုးဆိုးလုယက်သူတွေကို ဝိုင်းဝန်းဖမ်းဆီးကြဖို့၊ မိမိတို့ တပ်ဖွဲ့ဝင်တွေအပါအဝင် အခြား တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ တရားဝင် တာဝန်ပေးအပ်တာမရှိဘဲ မြို့အတွင်းသွားလာနေပါက တာဝန်မယူတဲ့အပြင် ပြစ်ဒဏ်ခတ်အရေးယူမယ်လို့ CDF-ဟားခါးအဖွဲ့၊ ဗဟိုအလုပ်မှုဆောင် ကော်မတီက ထုတ်ပြန်ထားပါတယ်။
CDF-ဟားခါးအဖွဲ့ဟာ ချင်းပြည်နယ်မြောက်ပိုင်းမှာ အခြေပြုလုပ်ရှားတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်တွေအတွင်း ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်း၊ တွန်းဇံ၊ တီတိန်မြို့တွေကို စစ်အာဏာရှင်တပ်ထံက တိုက်ယူရာမှာ မဟာမိတ်အဖွဲ့တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။
အခုတော့ ချင်းမြောက်ပိုင်းက ဆုံးရှုံးထားတဲ့ မြို့တွေကို အာဏာသိမ်းစစ်တပ်က ပြန်လည်ရယူထားခဲ့ပြီး ဖြစ်ပေမဲ့ ချင်းတောင်ပိုင်းက မြို့တွေကိုတော့ ချင်းတော်လှန်ရေးအဖွဲ့တွေက ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။











