DVB Logo
Home
မြန်မာသတင်း
Golden Colour Fashion စက်ရုံမှ အလုပ်သမားသမဂ္ဂခေါင်းဆောင်အချို့ တရားစွဲခံရ
DVB
·
April 23, 2025
Golden Colour Fashion စက်ရုံမှ အလုပ်သမားသမဂ္ဂခေါင်းဆောင်အချို့ တရားစွဲခံရ
Donate to DVB

အလုပ်ရှင်ကောင်းကြောင်း အလုပ်သမားတွေကို ဖိအားပေး လက်မှတ်ရေးထိုးခိုင်းတဲ့ဖြစ်စဥ် ပေါက်ကြားသွားတာနဲ့ပတ်သက်လို့ Golden Colour Fashion စက်ရုံမှ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ အပါအဝင် ခေါင်းဆောင် ၄ ယောက်ကို စက်ရုံဘက်က တရားစွဲလိုက်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေဆီက သိရပါတယ်။  

အင်းစိန်မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Golden Colour Fashion အထည်ချုပ်စက်ရုံက အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ မမေလပြည့်မိုး၊ အလုပ်အမှူဆောင် မခိုင်ဇင်ဝေနဲ့ မအေးမြနန္ဒာ၊ သမဂ္ဂအတွင်းရေးမှူး မအေးမြတ်ခိုင် တို့ကို ဧပြီ ၂၂ ရက် ညနေ ၃ နာရီခွဲလောက်က ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့အတူ အရပ်ဝတ်လူတွေက အင်းစိန် ရွာမ ရဲစခန်းဆီ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။  

အဲဒီလို စက်ရုံအလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကို ဖမ်းဆီးခေါ်ဆောင်တာဟာ စက်ရုံပိုင်ရှင်က သင်္ကြန်ပိတ်ရက်မတိုင်ခင်က အပြစ်ကင်းစင်သူဖြစ်ကြောင်း စက်ရုံရှိ စူပါတွေကို လက်မှတ်ထိုးခိုင်းရာမှ စတင်ခဲ့တဲ့ စွပ်စွဲချက်ဖြစ်တယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ် (STUM)  တာဝန်ရှိသူတယောက်က ပြောပါတယ်။  

“စက်ရုံပိုင်ရှင်က သူ ကောင်းပါတယ်ဆိုတဲ့စာအပေါ် လက်မှတ်ထိုးခိုင်းတဲ့အကြောင်းကို STUM ပေ့ချ်ကနေ တင်လိုက်တာ။ ဒါကို မဆိုင်တဲ့ အလုပ်သမားသမဂ္ဂဝင်တွေကို တရားစွဲတာ၊ အခု တရားစွဲခံရတဲ့သူတွေက ပေ့ချ် အက်ထ်မင်တွေမှ မဟုတ်တာ။ ပြီးတော့ ဒါက မဟုတ်မမှန်တဲ့ ကိစ္စလည်း မဟုတ်ဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ အဖွဲ့ချုပ်ရဲ့ ပေ့ချ်ဆီ စက်ရုံဘက်က လာဆက်သွယ်ပြောတာလည်း မရှိဘူး” လို့ ပြောပါတယ်။

အဲဒီစက်ရုံပိုင်ရှင်က လက်မှတ်ရေးထိုးခိုင်းတဲ့သတင်း ပေါက်ကြားမူနဲ့ပတ်သက်လို့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် ၄ ယောက်ကို ဖမ်းဆီးခေါ်သွားပြီး လက်ကိုင်ဖုန်းတွေကို သက်သေခံအဖြစ် သိမ်းဆည်းကာ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားကြောင်း၊ လက်ရှိမှာ အာမခံနဲ့ပြန်လွှတ်ပေးထားကြောင်း သိထားရတယ်လို့ STUM တာဝန်ရှိသူက ဆိုပါတယ်။ 

“လောလောဆယ် တရားစွဲခံထားရသူတွေရဲ့ ဖုန်းက သိမ်းခံထားရတယ်ဆိုတော့ တိုက်ရိုက် ဆက်သွယ်မရဘူး။ ကိုယ်တွေကတော့ ဒီဖြစ်ရပ်အပေါ် အမှန်အတိုင်းဖြစ်အောင် ဖြေရှင်းသွားမယ်။”

STUM က အဲဒီစက်ရုံကိစ္စကို သင်္ကြန်ပိတ်ရက်မတိုင်ခင်က လူမူကွန်ရက်ပေါ် ရေးတင်ခဲ့တာ ဖြစ်ပြီး ရေးသားချက်မှာ “အလုပ်သမား ဝန်ထမ်းအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ပြီး အလုပ်မှ ထုတ်ပယ်ခဲ့သော Golden Colour Fashion ပိုင်ရှင်မှာ ကောင်းမွန်သော အလုပ်ရှင်တစ်ဦး ဖြစ်ကြောင်း၊ အလုပ်ထုတ်လိုက်သော ဝန်ထမ်းအမျိုးသမီးမှာ ပြဿနာများဖန်တီးနေသူတစ်ဦး ဖြစ်ကြောင်း စသော အချက်များကို စက်ရုံမှ တာဝန်ရှိသူများအား ဖိအားပေး လက်မှတ်ထိုးရန် စေခိုင်းခဲ့သည်”လို့ ဖော်ပြထားပါတယ်။ 

“ယနေ့ ဧပြီလ ၈ ရက် မနက်ပိုင်းက စက်ရုံမှ စူပါ၊ အောစူပါ၊ အောချုပ် အပါအဝင် စက်ရုံ တာဝန်ရှိသူအားလုံးကို ခေါ်ယူပြီး အဆိုပါ လုပ်ငန်းရှင်က သူသည် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိချိန်မှစ၍ အလှူအတန်းများကို ပြုလုပ်နေသူတစ်ဦး ဖြစ်ကြောင်း၊ ဝန်ထမ်းများအပေါ်တွင် နှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်ဖြင့်ဖြစ်စေ ရိုင်းစိုင်းစွာ ပြောဆိုပြုမူခြင်း မရှိခဲ့ကြောင်း၊ အလုပ်ထုတ်ခံရသည့် အမျိုးသမီးဝန်ထမ်းသည် ပြဿနာများစွာ ရှာသည့်အတွက် အလုပ်မှ လက်တွဲဖြုတ်ရခြင်းဖြစ်ကြောင်းနှင့် အလုပ်ထုတ်ခံရသော ဝန်ထမ်းအမျိုးသမီးအား ကာယိန္ဒြေပျက်ပြားအောင် ပြုလုပ်ခြင်း၊ အုပ်စုဖွဲ့အနိုင်ကျင့်ခြင်း တစ်စုံတစ်ရာ မပြုလုပ်ခဲ့ပါကြောင်း စသော အချက်များပါရှိသော စာရွက်ကို ပေးခဲ့ပြီး လက်ဗွေဖြင့် လက်မှတ်ထိုးစေခဲ့သည်” လို့လည်း ဖော်ပြထားပါတယ်။  

“အချို့သော စူပါ၊ အောစူပါအချို့မှာ လက်မှတ်မထိုးခဲ့သော်လည်း လုပ်ငန်းရှင်ဆိုသူက နောက်တစ်ကြိမ် အစည်းအဝေးခေါ်ယူကာ ယခုစာရွက်တွင် လက်မှတ်မထိုးပါက စက်ရုံမှ အော်ဒါမရနိုင်သည့်အတွက် လက်မှတ်ထိုးပေးရမည်ဟုဆိုကာ ဖိအားပေးခဲ့သည်” လို့ ဆက်လက်ဖော်ပြထားပါတယ်။ 

အဲဒီစက်ရုံပိုင်ရှင် ဆိုသူမှာ​ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဝန်ထမ်းအမျိုးသမီးရဲ့ လက်မောင်းကို ကြမ်းတမ်းစွာ ကိုင်တွယ်ပြီး ရုံးခန်းအတွင်းကနေ ဆွဲထုတ်ကာ အလုပ်မှ ထုတ်ပယ်ခဲ့တဲ့ဖြစ်စဥ် ရှိခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013