DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီးဦးကျော်မိုးထွန်းကို တရားစွဲထားဟု စစ်အာဏာရှင် ထုတ်ပြန်
DVB
·
September 13, 2026
Photo : Permanent Mission of Myanmar to the United Nations
Photo : Permanent Mission of Myanmar to the United Nations
Donate to DVB

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တရားစွဲဆိုထားတယ်လို့ စစ်အာဏာရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လာပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှာ ပြည်သူဘက်ကနေ ရပ်တည်ခဲ့ပြီး အာဏာသိမ်းစစ်တပ်က သူ့ကို ဖေဖော်ဝါရီ ၂၇ ရက်မှာ ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ နယူးယောက်မြို့က နိုင်ငံတော်ပိုင် အဆောက်အအုံ၊ မော်တော်ယာဉ်တွေနဲ့ ဘဏ်ငွေစာရင်းထဲက အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၆ သန်းကျော်၊ ယူရိုငွေ ၄ သောင်းလောက်ကို ခွင့်ပြုချက်မရှိဘဲ ထုတ်ယူသုံးစွဲခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဒါ့အပြင် NUG၊ CRPH တို့ရဲ့ သံတမန်အဖြစ် လှုပ်ရှားတာ၊ အွန်လိုင်းကတဆင့် အလှူငွေကောက်ခံတာနဲ့ နိုင်ငံတကာမှာ တရားမဝင် လှုပ်ရှားမှုတွေ ပြုလုပ်နေတာကြောင့်  ရာဇသတ်ကြီးပုဒ်မ ၁၂၂(၂)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေတို့နဲ့ တရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ထားတယ်လို့ စစ်အာဏာရှင်က ထုတ်ပြန်ပါတယ်။

ပြီးတော့ အမေရိကန်မှာရှိတဲ့ စစ်အာဏာရှင်ရဲ့ သံရုံးနဲ့ပူးပေါင်းပြီး အမေရိကန်ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်အရေးယူနိုင်ရေး သံတမန်လမ်းကြောင်းကနေ ဆက်လုပ်မယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ ကုလအထောက်အထားဆိုင်ရာ ကော်မတီ (Credentials Committee) ရဲ့ ဆိုင်းငံ့ဆုံးဖြတ်ချက်အရ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ၅ နှစ်တာကာလလုံး ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။

သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ  မြန်မာနိုင်ငံထဲမှာ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ဖိနှိပ်မှုတွေကြောင့် ဘက်ပေါင်းစုံက လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ မြန်မာလူထုအရေးကို ကုလသမဂ္ဂစင်မြင့်ပေါ်မှာ အစဉ်အမြဲ အသံထွက်ပြောဆိုပေးသူ ဖြစ်ပါတယ်။

လာမဲ့စက်တင်ဘာ ၁၉ ရက်မှာ ကျင်းပမဲ့ ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ  ကိုယ်စားလှယ်နေရာ ဆက်လက်ရရှိရေးအတွက် မြန်မာပြည်သူတွေက ဦးကျော်မိုးထွန်းကို ဝိုင်းဝန်းထောက်ခံ တောင်းဆိုနေကြပါတယ်။

ဒီလိုအချိန်မှာပဲ စစ်အာဏာရှင်က သံအမတ်ကြီးဦးကျော်မိုးထွန်းကို တရားစွဲဆိုထားတယ်လို့ စွပ်စွဲချက်တွေနဲ့ ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013