
စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တရုတ်နိုင်ငံက ကြားဝင်အကျိုးဆောင်နေတဲ့ အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ဖို့အတွက် တရုတ်အစိုးရဟာ မြန်မာနိုင်ငံကို အဖွဲ့တဖွဲ့ စေလွှတ်ထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၂ ရက်မှာ ပြောပါတယ်။
ဇန်နဝါရီလတုန်းက တရုတ်နိုင်ငံ ကူမင်းမှာ စစ်ကောင်စီနဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အကြား ဆွေးနွေးမှုအပြီးမှာ အပစ်အခတ်ရပ်စဲရေး တရားဝင်သဘောတူညီချက်ကို နှစ်ဖက်စလုံးက လက်မှတ်ရေးထိုးခဲ့ကြောင်း ပေကျင်းက ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ မကြာသေးခင်က အပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့ကို မြန်မာနိုင်ငံ လားရှိုးမြို့ကို စေလွှတ်ခဲ့ပြီး ဒီအဖွဲ့ဟာ စစ်ကောင်စီတပ်နဲ့ MNDAA အကြား အပစ်အခတ်ရပ်စဲရေးကို ကြီးကြပ်နေပြီး လားရှိုးမြို့ကို ချောမွေ့တည်ငြိမ်စွာ လွှဲပြောင်းပေးအပ်တာကို ကြည့်ရှုနေပါတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိုကျားကွန်း က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေ ဂုဏ်သိက္ခာကို တရုတ်နိုင်ငံက လေးစားပြီး မြန်မာနိုင်ငံ မြောက်ပိုင်းရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးရဲ့ ဆန္ဒနဲ့ တောင်းဆိုချက်တွေကို အခြေခံကာ မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းရာမှာ တရုတ်နိုင်ငံရဲ့ အပြုသဘော ဆောင်တဲ့ အခန်းကဏ္ဍကို နှစ်ဖက်စလုံးက ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ကြကြောင်းနဲ့ ရှေ့ဆက်ပြီး တရုတ်နိုင်ငံက ကူမင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဆက်လက် တွန်းအားပေးသွားမယ်။”
စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုတွေကနေ မြန်မာနိုင်ငံမြောက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးရေးဘက်ကို ပံ့ပိုးပေးပြီး တရုတ်-မြန်မာ နယ်စပ်တလျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အင်အားစုအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိုကျားကွန်းက ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ ကျယ်ပြန့်လာနေတဲ့ ပြည်တွင်းစစ်မှာ တရုတ်နိုင်ငံရဲ့ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေမှုကို ဖော်ပြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကနေ MNDAA ကိုးကန့်တပ်တွေ ဆုတ်ခွာပြီး စစ်ကောင်စီလက်ထဲ ပြန်လည်လွှဲပြောင်းချိန်မှာပဲ တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းလည်း လားရှိုးမြို့ကို ရောက်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ဒုတိယပတ်လောက်ကတည်းက MNDAA အုပ်ချုပ်ရေးဘက်က ဌာနတွေ တဖြည်းဖြည်းချင်း ဆုတ်ခွာနေကာ ဧပြီ ၂၀ ရက်မှာတော့ စစ်ကောင်စီဘက်က အလုံးအရင်းနဲ့ ရောက်လာတာဖြစ်ပြီး တရုတ်အထူးကိုယ်စားလှယ်ပါ ရောက်ရှိလာတာပါ။
Source : Reuters