တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ်တလုံးပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၂၁ ရက်နေ့၊ ညအချိန်မှာ စစ်ကောင်စီဘက်က Y12 လေယာဥ်အမျိုးအစားနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားနေအိမ်တလုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ပလောက်မြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၁၂) တိုင်းဗဟို လေ့ကျင့်ရေးသင်တန်းကျောင်းကနေ ဆင်ထိုးကြီးရွာထဲကို လက်နက်ကြီးနဲ့ နေ့စဥ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “လက်နက်ကြီးပစ်တာ ၅ ရက်နီးပါးလောက်ရှိပြီ။ နေအိမ်တဆောင်ပျက်စီးသွားတယ်။ လေကြောင်းနဲ့ ဗုံးလာကြဲတာက တဆောင် အားလုံးပေါင်း နေအိမ် ၂ ဆောင် ပျက်စီးသွားတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က ဆင်ထိုးကြီးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အိမ်ခြေ ၃၅၀ နီးပါး နီးစပ်ရာကျေးရွာတွေနဲ့ ဥယျာဥ်ခြံတွေမှာ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလက်ရှိမှာတော့ စစ်ကောင်စီဘက်က ဆင်ထိုးကြီးရွာနဲ့ ၂ မိုင်အကွာမှာရှိတဲ့ ဘုရင့်တောင်မှာ အင်အား ၈၀ နီးပါးဖြည့်တင်းထားပြီး စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေဆီမှ သိရပါတယ်။
ကိုလွမ်းဝေ