
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ ငလျင်ကြောင့် သေဆုံးရုပ်အလောင်း ၂ လောင်း ထပ်မံတွေ့ရှိခဲ့ပြီးနောက် စုစုပေါင်းသေဆုံးသူဦးရေဟာ ၅၁ ယောက်ထိ ရှိလာပြီလို့ ကယ်ဆယ်ရေးအရာရှိရဲ့ ပြောဆိုချက်ကို ကိုးကားပြီး The Nation Thailand သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
ငလျင်ဒဏ်ကြောင့် အထပ် ၃၀ အမြင့်ရှိ ဆောက်လက်စ ပြည်နယ်စာရင်းစစ်ရုံး အဆောက်အအုံ ပြိုကျခဲ့ရာမှာ အပျက်အစီးတွေကြားက သေဆုံးသူ ၂ ယောက်ကို ထပ်မံတွေ့ရှိ ခဲ့ရတာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းအထိ ၄၃ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ ပထမရုပ်အလောင်းကို ဇုန် C မှာ ည ၈ နာရီ မိနစ် ၂၀ လောက်မှာ တွေ့ရှိခဲ့ပြီး နောက်တယောက်ရဲ့ ရုပ်အလောင်းကိုတော့ ဇုန် B မှာ ည ၉ နာရီ ၃၇ မိနစ်လောက် မှာတွေ့ရှိခဲ့တာလို့ ပြောပါတယ်။
ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ (BMA) က ငလျင်ကြောင့် ထိခိုက်သူ စုစုပေါင်း ၁၀၃ ယောက် ရှိကြောင်း ထုတ်ပြန်ထားသလို အဲဒီထဲက ၅၁ ယောက် သေဆုံးပြီး ၉ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၄,၀၀၀ ကျော် သေဆုံးပြီး ပြည်သူလူထုတွေရဲ့ အိုးအိမ်တိုက်တာတွေ အများအပြား ပြိုကျပျက် စီးခဲ့ပါတယ်။
ထိုင်းမိုးလေဝသဌာန၊ မြေငလျင်စောင့်ကြည့်ရေးဌာနရဲ့ လေ့လာစောင့်ကြည့်မှုအရ ထိုင်းနဲ့ မြန်မာနိုင်ငံတွေကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် စုစုပေါင်း နောက်ဆက်တွဲငလျင်တွေ အကြိမ်ရေ ၆၀၀ ကျော် လှုပ်ခတ်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သတင်းထုတ်ပြန်ထားခဲ့ပါတယ်။
Source: The Nation Thailand