DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ် စစ်ဘေးရှောင်များကို ကယ်ထုတ်ခွင့်မရ  
DVB
·
April 22, 2025
ကော့ကရိတ် စစ်ဘေးရှောင်များကို ကယ်ထုတ်ခွင့်မရ  
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အပါအဝင် မြို့နယ်အတွင်းက စစ်ဘေးရှောင်လိုတဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်ဘက်က ထွက်ခွာခွင့်မပေးတဲ့အပြင် ကယ်ထုတ်ခွင့် ပိတ်ပင်ထားတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ကော့ကရိတ်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်းနေပြီး ကော့ကရိတ်မြို့နယ်တွင်းက ကျေးရွာတွေကို စစ်ကောင်စီက မြေပြင် လက်နက်ကြီးအပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

ဒါအပြင် ကျုံဒိုးမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက မြေပြင်နဲ့ ဝေဟင်ကပါ တိုက်ခိုက်နေတဲ့အပြင် တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ကျေးရွာတွေကိုပါ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

စစ်ရှောင်အရေးကူညီပေးနေသူတယောက်က “စစ်ရှောင်တချို့ ပိတ်မိနေတာတွေရှိတယ်။ ကော့ကရိတ်မြို့ထဲမှာ တချို့ရှိတယ်။ အခုက လမ်းတွေ ပိတ်ထားတယ်ဆိုတော့ အဲဒီထဲက လူတချို့က ဖာသိမ်ချောင်းနှစ်ခွကနေ သွားရတာမျိုးတွေ ရှိတယ်။ ငွေကြေး မတတ်နိုင်တဲ့သူတွေကျတော့ သူတို့နေတဲ့ ရပ်ရွာက မနီးမဝေး လေယာဉ်ဗုံးလာကြဲတဲ့ အသံ တိုက်ပွဲသံတွေနဲ့ မနီးမဝေးမှာပဲ သူတို့ရှောင်နေရတယ်။ တချို့ကျတော့ ကတုတ်ကျင်းထဲမှာ ရှောင်နေရတယ်။ သူတို့ကို ကယ်ထုတ်ဖို့က ကယ်ထုတ်လို့မရနိုင်ဘူး။ အခုက ကယ်ဆယ်ရေးတွေကိုလည်း ပေးမဝင်ဘူး။ ဒီဘက်က SAC(စစ်ကောင်စီ)ကလည်း ဖြတ်ထားတယ်။ လုံးဝဘာမှ ပေးမဝင်ဘူး။ လုံးဝအခက်အခဲဖြစ်နေတယ်”လို့ ပြောပါတယ်။

ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ကော့ကရိတ်မြို့နယ်၊ လောင်ကိုင်ကျေးရွာအုပ်စု နောင်တလာနဲ့ ကော့ဖောင်ကျေးရွာအစပ်ကို စစ်ကောင်စီက လေကြောင်းကနေ  ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒါအပြင် ဧပြီ ၂၀ ရက်က သရက်တောကျေးရွာကို ထပ်မံပြီး လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေး တယောက်နဲ့ လူကြီး တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ်အစိုးရအဖွဲ့က ဂျိုင်းမြစ်အတွင်း အများပြည်သူ သွားလာနေတဲ့ ကူးတို့ဆိပ်တွေကို ကူးသန်းသွားလာခွင့် ပိတ်ပင်ထားတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “အခုက ဂျိုင်းမြစ်ဟောင်သရောမြစ်ကမ်းတလျှောက် အကုန်လုံး ပြေးနေရတယ်။ ပြည်သူကိုပဲ ဦးတည်ပြီး ပစ်နေတာ။ နောက် ဂျိုင်းမြစ်ရဲ့ ဟိုဘက်ကမ်း ဒီဘက်က သံလှယ်တို့ ခရားတို့ ခရစ်(ကျောက်တန်း) ကူးတို့(စက်လှေ)ကူးခွင့်မပေးတော့ဘူး။  ကရင်ပြည်နယ်အစိုးရက ညွှန်ကြားလာလို့။ ပိတ်ထားတယ်။ ဟိုခြမ်းမှာရှိတဲ့သူတွေက ကော့ဘိန်း၊ ဓမ္မသလမ်းကနေပဲ ဦးစားပေး သွားနေရတယ်။ တကယ့်တကယ်ဖြစ်ရင် အခက်အခဲက ပိုပြီးကျပ်တည်းလာမယ်။ သူတို့မပေးကူးတာက ဒီက တော်လှန်ရေးအဖွဲ့တွေ ဟိုဘက်ကမ်းကို ကူးသွားမှာဆိုလို့ အကြောင်းပြပြီး ပိတ်လိုက်တယ်”လို့ ပြောပါတယ်။

လက်ရှိမှာလည်း သောင်းနဲ့ ချီတဲ့ စစ်ရှောင်ပြည်သူတွေဟာ နေထိုင်စားသောက်ရေးအပြင် ထိခိုက်ဒဏ်ရာရရှိထားတဲ့ ပြည်သူတွေအတွက် ဆေးဝါးအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ဒါအပြင်  လက်ရှိ နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ် ဘက်က ကော့ကရိတ်မြို့အပါ အဝင် ဘားအံ- ဂျိုင်းတံတား ကားလမ်းတလျှောက်နဲ့ ကျုံဒိုးမြို့အခြေစိုက် ခမရ ၅၄၅၊ ခမရ ၅၄၆ တပ်ရင်းတွေကနေ ခံစစ်အနေအထားနဲ့ လူ၊ လက်နက်အင်အားဖြည့်တင်းပြီး ခံစစ်ပြင်ဆင်ထား တယ်လို့ သိရပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013