
ရုရှားနဲ့ ယူကရိန်းတို့ဟာ အီစတာ အပစ်အခတ်ရပ်စဲရေးကို ဖောက်ဖျက်တယ်လို့ အပြန်အလှန် စွပ်စွဲကြပြီး တိုက်ခိုက်မှု အများအပြားကို လုပ်ဆောင်ခဲ့တယ်လို့လည်း နှစ်ဖက်စလုံးက အပြန်အလှန် အပြစ်တင်ခဲ့ကြပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနဲ့ဖြစ်တဲ့ ပဋိပက္ခတွေအတွက် အီစတာကာလအတွင်း တဖက်သတ် အပစ်အခတ်ရပ်စဲတယ်လို့ ဧပြီ ၁၉ ရက်က ကြေညာခဲ့တာပါ။
ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပူတင်ရဲ့အမိန့်အရ အထူးစစ်ရေးဇုန်တွေမှာရှိတဲ့ ရုရှားစစ်ဘက်ဆိုင်ရာ တပ်ဖွဲ့တွေအားလုံး ဧပြီ ၁၉ ရက် မော်စကိုစံတော်ချိန် ညနေ ၆ နာရီကစပြီး အပစ်အခတ်ရပ်စဲရေး အခြေအနေကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ယူကရိန်းစစ်တပ်က ရုရှားရဲ့ တည်နေရာတွေကို သေနတ်တွေ၊ မော်တာတွေနဲ့ ၄၄၄ ကြိမ် ပစ်ခတ်ခဲ့ပြီး မောင်းသူမဲ့လေယာဉ် အစီး ၉၀၀ နဲ့ တိုက်ခိုက်ခဲ့လို့ အရပ်သားတွေ သေဆုံး ဒဏ်ရာရကုန်ပြီး အရပ်ဘက် အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက တနင်္ဂနွေနေ့ မွန်းတည့် ၁၂ နာရီမှာ ယူကရိန်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ် အိုလက်ခ်စန်ဒါ စီယာစကိဆီက ရှေ့တန်းအခြေအနေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို နားထောင်ပြီး အဲဒီနေ့မှာပဲ သူ့ရဲ့ တယ်လီဂရမ်က တရားဝင်အကောင့်မှာ ဖော်ပြခဲ့ပါတယ်။
တနင်္ဂနွေနေ့မနက် ၁၀ နာရီကစပြီး ရုရှားဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တဲ့ အရေအတွက် တိုးလာပြီး ရုရှားရဲ့ FPV ဒရုန်း အသုံးပြုမှု နှစ်ဆတိုးလာတယ်လို့ ဇလန်းစကီးက မီဒီယာပို့စ်မှာ ပြောခဲ့ပါတယ်။
ရုရှားစစ်တပ်ဟာ စနေည သန်းခေါင်ကျော်ကစပြီး တနင်္ဂနွေနေ့ မွန်းတည့်ချိန် ၁၂ နာရီအတွင်း စုစုပေါင်း ချေမှုန်းရေး စစ်ဆင်ရေး ၂၆ ကြိမ် လုပ်ခဲ့တယ်လို့ သူက ထပ်ပြောခဲ့ပါတယ်။
အီစတာကာလတလျှောက် အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းထားဖို့ ရုရှားရဲ့ ကတိကဝတ် ချိုးဖောက်မှုတိုင်းကို ယူကရိန်းက မှတ်တမ်းတင်ထားပြီး မိတ်ဖက်တွေဆီ သက်ဆိုင်ရာ သတင်းအချက်အလက်တွေ ပေးဖို့ အသင့်ရှိတယ်လို့ ဇလန်းစကီးက ပြောပါတယ်။
သံတမန်ရေးရာ အခွင့်အလမ်းတွေ ပေးဆောင်ဖို့ အီစတာပွဲတော် ပြီးတဲ့နောက် အနည်းဆုံး ရက်ပေါင်း ၃၀ ကြာ ထိန်းသိမ်းထားဖို့ ရုရှားကို ဖိအားပေး တိုက်တွန်းခဲ့တယ်လို့လည်း ဇလန်းစကီးက ပြောခဲ့ပါတယ်။
Source : Reuters