
ရှမ်းပြည်နယ်မြောကိပိုင်း တောင်ခမ်းကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပြီး ဧပြီလ ၂၁ ရက်နေ့မှာတော့ အဆိပ်ငွေ့ပါတဲ့ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က ပြောပါတယ်။
ဧပြီ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီမှာ ဗုံး ၃ လုံး၊ ၃ နာရီမှာ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အဆိပ်ငွေရှုရှိုက်မိတဲ့ ရဲဘော်တွေ သွေးပေါင်ချိန်ကျပြီး မူးဝေတာ အော့အန်တာတွေဖြစ်တယ်လို့ သိရပါတယ်။
DPLA ပြန်ကြားရေး တာဝန်ရှိသူက "စစ်ကောင်စီဘက်က အပစ်အခတ်ရပ်စဲထားတာ ကြေညာထားပေမဲ့ နိုင်ငံတကာတားမြစ်ထားတဲ့ တိုက်ခိုက်မှုတွေကို စကစဘက်က ကျူးလွန်နေကြတာပါ။ ဒါဟာ စစ်ရာဇဝတ်မှုဥပဒေနဲ့မညီဘူးလို့မြင်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က တောင်ခမ်းမှာတင်မကဘဲ စစ်ကောင်စီထိုးစစ်ဆင်လို့မနိုင်တဲ့ နေရာတွေမှာလည်း အဆိပ်ငွေ့ပါတဲ့ ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က တောင်ခမ်းကျေးရွာအနီးတဝိုက်ကို ထိုးစစ်ဆင်နေတာကြောင့် DPLA၊ TNLA တို့နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတာတွေအပြင် အဆိပ်ငွေ့ပါတာတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့မှာလည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဒေသခံပြည်သူတွေရှိရာ နမ့်ဆောင်ဟူးကျေးရွာထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ် ၄ လုံးထပ်မနည်း ပျက်စီးခဲ့ရပါတယ်။