
ငလျင်ဒဏ်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာတွေ မီးလောင်ပျက်စီးခဲ့တဲ့ မန္တလေး၊ စစ်ကိုင်းနဲ့ နေပြည်တော်က ကျောင်းသား၊ ကျောင်းသူ ၆၀၀၀၀ ကျော် ဇွန် ၁၆ ရက်မှာ စာမေးပွဲ ပြန်ဖြေရမှာ ဖြစ်ပါတယ်။
စာမေးပွဲပြန်ဖြေမယ့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဇွန် ၁ ရက်မှ ၁၅ ရက်အထိ ဖြေဆိုရမယ့် စာစစ်ဌာနတွေမှာ ဖြေဆိုခွင့်ကတ်ပြားကို ထုတ်ယူရမှာဖြစ်တယ်လို့ မန္တလေး မြို့ခံပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။
"မန္တလေးမှာ ၁၀ ကျောင်း ပုသိမ်ကြီး၊ ဝမ်းတွင်း၊ အမရပူရ၊ ကျောက်ဆည်၊ စဥ့်ကိုင်၊ နွားထိုးကြီး၊ မြစ်သားမှာ ၉ ကျောင်း ကျောင်း ၁၉ ကျောင်းမှာ ဖြေရမှာ။”
စစ်ကိုင်းက ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ စာမေးပွဲဖြေရမှာ ဖြစ်ပါတယ်။
နေပြည်တော်က ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အထက (ငန်းစပ်)၊ အ.ထ.က ၁၂ ဥတ္တရသီရိ၊ အ.ထ.က ကျည်တောင်ကန်၊ အ.ထ.က ၁ ပျဥ်းမနား၊ အ.ထ.က သစ်လေးလုံး၊ အ.ထ.က ညောင်ပင်သာ၊ အ.ထ.က ၇ ဇမ္မူသီရိ ၊ အ.ထ.က ၁ လယ်ဝေး၊ အ.ထ.က သာဝတ္တိနဲ့ အ.ထ.က ၁၈ ဒဏ္ခိဏသီရိမှာ မြို့ခံပညာရေးဝန်ထမ်းတယောက်က DVB ကိုပြောပါတယ်။
“နေပြည်တော်က ကျောင်း ၁၀ ကျောင်းမှာပြန်ဖြေရမှာ အခုဖြေဆိုခွင့်ကတ်တွေ ထုတ်ပေးဖို့ စီစဥ်နေတယ်။ အရင်မေးခွန်းပဲ ပြန်မေးမလား မေးခွန်းအသစ်နဲ့ ဖြေခိုင်းမလားတော့ မသိသေးဘူး ပြန်ဖြေတဲ့သူတွေ ရှိသလို တချို့ပြန်မဖြေကြတဲ့သူတွေလည်းရှိတယ်။”
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးတက္ကသိုလ်ပင်မအဆောင်ကို ပို့ဆောင်ထားတဲ့ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နဲ့ ကချင်ပြည်နယ်က ကျောင်းသား၊ ကျောင်းသူ ၆၂၉၅၄ ယောက် ဖြေဆိုထားတဲ့ အဖြေလွှာ ၄ သိန်းနီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။