
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းဒေသမှာ မြေကြီးနဲ့ ရေကနေတဆင့် ကူးစက်တဲ့ Melioidosis လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် လူ ၂၀ ကျော် သေဆုံးခဲ့ပြီး ၇၀၀ ကျော် ကူးစက်ခံထားရပါတယ်။
ဒါ့ကြောင့် အဲဒီဒေသမှာရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကျန်းမာရေးသတိနဲ့ နေထိုင်ကြဖို့ NUG အစိုးရက သတိပေးနှိုးဆော်နေပါတယ်။
ထိုင်းနိုင်ငံမှာ မြေတုပ်ကွေး (Melioidosis) လို့ လူသိများတဲ့ ဘက်တီးရီးယား ကူးစက်ရောဂါကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ဧပြီ ၁၆ ရက်အထိ စာရင်းတွေအရ သေဆုံးသူ ၂၃ ယောက်နဲ့ ကူးစက်ခံရသူ ၇၃၂ ယောက်အထိ ရှိလာလို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
အထူးသဖြင့် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းက ဘူရီရမ်ခရိုင်က လက်ရှိ ကူးစက်မှု အမြင့်ဆုံးခရိုင်ဖြစ်ပြီး ခွန်ကဲန်ဒေသမှာတော့ ကူးစက်ခံရသူ ၆၈ ယောက်နဲ့ သေဆုံးသူ ၂ ယောက် ရှိခဲ့တယ်လို့ ခွန်ကဲန် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီထဲကမှ အသက် ၅၀ နဲ့အထက် လူပုဂ္ဂိုလ်တွေဟာ ထိခိုက်လွယ်တဲ့အုပ်စုတွေ ဖြစ်ပါတယ်။
လက်ရှိ ဘူရီရမ်နဲ့ ခွန်ကဲန် အပြင် မဟာစာရခမ်း ရွိုင်အက်နဲ့ ကာလာစင် ခရိုင်တွေမှာလည်း ကျန်းမာရေး အထူးသတိထားဖို့ ထိုင်းအာဏာပိုင်တွေက သတိပေးနေတာပါ။
ဒီရောဂါဟာ မြေကြီးနဲ့ ရေဝပ်နေတဲ့ နေရာတွေမှာ တွေ့ရတတ်တဲ့ Burkholderia pseudomallei ဘက်တီးရီးယားကြောင့် ဖြစ်ပွားတာဖြစ်ပြီး အရေပြား ပွန်းပဲ့ပြတ်ရှရာကတဆင့် ကူးစက်တာ၊ ဘက်တီးရီးယား ပါဝင်တဲ့ ဖုန်မှုန့်တွေကို ရှူရှိုက်မိတာ၊ မသန့်ရှင်းတဲ့ရေကို သောက်သုံးမိတာတွေကနေ ကူးစက်နိုင်ပါတယ်။
ရောဂါရဲ့ လက္ခဏာတွေကတော့ အပြင်းဖျားတာနဲ့ အသက်ရှူရ ခက်ခဲတာကနေစပြီး ခန္ဓာကိုယ်မှာ နာတာရှည် ပြည်တည်နာတွေဖြစ်တာ၊ အရေပြားပိုးဝင်တာတွေအထိ ဖြစ်ပွားနိုင်ပါတယ်။
အဆိုးရွားဆုံး အခြေအနေကတော့ ရောဂါပိုးဟာ သွေးကြောထဲအထိ ဝင်ရောက်သွားနိုင်တာပဲ ဖြစ်ပါတယ်။
အဲဒီလိုအခြေအနေ ရောက်သွားတဲ့အခါမှာတော့ ကုသရခက်ခဲသွားပြီး အသက်အန္တရာယ် ဆုံးရှုံးဖို့ ရာခိုင်နှုန်း ပိုများသွားတာပါ။
အခုကူးစက်မှုလှိုင်းမှာ သေဆုံးမှုနှုန်း မြင့်မားနေရခြင်းရဲ့ အဓိကအကြောင်းရင်းဟာလည်း ဒီလိုအခြေအနေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် အဲဒီဒေသတွေက မြေကြီးနဲ့ ရေထဲမှာ အလုပ်လုပ်နေရတဲ့ မြန်မာလုပ်သားတွေအနေနဲ့ အပြင်းဖျားတာ ဒါမှမဟုတ် အရေပြားမှာ အနာစိမ်းတွေ ဖြစ်လာရင် သာမန်တုပ်ကွေးလို့ မယူဆဘဲ ဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံးပြသဖို့ လိုအပ်နေတယ်လို့ ထိုင်းရောက် မြန်မာဆရာဝန်တယောက်က သတိပေးနှိုးဆော်ထားပါတယ်။
“ဒီကာလမှာက အပူရှိန်ပြင်းတယ်၊ အပူရှိန်ပြင်းတော့ လူတွေက တော်တော်များများက ရေရှိတဲ့နေရာ ကမ်းခြေလိုမျိုးပေါ့ အဲ့လိုနေရာတွေ သွားကြတာများတယ်။ အဲဒီကိစ္စတွေတော့ ဒီကာလမှာ ဖြစ်နိုင်ရင် မသွားသင့်ဘူးပေါ့နော်။”
လက်ရှိ ကူးစက်မှုမြင့်တက်နေတဲ့ ခရိုင်တွေအထဲက စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြန်မာလုပ်သားတွေဟာ မြေကြီးနဲ့ တိုက်ရိုက်ထိတွေ့နေရသူတွေဖြစ်လို့ အန္တရာယ်အရှိဆုံး အုပ်စုထဲမှာ ပါဝင်နေပါတယ်။
ဒါကြောင့် မဖြစ်မနေ လုပ်ငန်းခွင်ဝင်တဲ့အခါ လည်ရှည်ဖိနပ်နဲ့ လက်အိတ်တွေကို ဝတ်ဆင်ကြဖို့ NUG အစိုးရနဲ့ ထိုင်းရောက် မြန်မာဆရာဝန်တွေက အကြံပြု နှိုးဆော်နေတာပါ။
ကူးစက်မှု အမြင့်ဆုံးခရိုင်ဖြစ်တဲ့ ဘူရီရမ်က စိုက်ပျိုးရေး မြန်မာအလုပ်သမတယောက်ကလည်း လုပ်ငန်းခွင်ကအပြန် ဒီရက်ပိုင်း သူခံစားနေရတဲ့ ဝေဒနာတွေကို ပြောပြပါတယ်။
“အလုပ်ကပြန်လို့ ရေချိုးပြီးတိုင်း ယားနေတာ နှစ်ရက်တော့ရှိနေပြီ။ နဂိုတည်းက ကိုယ်က သွေးမသန့်တဲ့သူမို့လို့ သွေးသားကယားတယ်ပဲ ထင်နေတာ။ မနေ့ကမှ သတင်းတွေတွေ့တော့မှ ငါများ အဲဒီရောဂါ ဖြစ်နေလားဆိုပြီး ဆေးခန်းတော့ ပြထားတယ်။ ယားတာက ယားတုန်းပဲ။”
မြေကြီးနဲ့ ရေကို တိုက်ရိုက်ထိတွေ့ပြီး အလုပ်လုပ်နေကြတဲ့ ဒေသခံတွေ မြန်မာအလုပ်သမားတွေ အနေနဲ့ ၂ ရက်ထက်ပိုပြီး အပြင်းဖျားတာ၊ အသက်ရှူကျပ်တဲ့ လက္ခဏာတွေ ရှိလာရင် ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းသွားရောက်ပြသသင့်ကြောင်းကိုလည်း ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။










