
ထိုင်း-မြန်မာ နယ်စပ် မယ်ဟောင်ဆောင်မှာ ဧပြီ ၂၁ ရက် ဒီကနေ့ တရက်တည်း ငလျင် ၇ ကြိမ် လှုပ်ခတ်ခဲ့တဲ့အကြောင်း The Nation ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းမိုးလေဝသဌာန၊ မြေငလျင်စောင့်ကြည့်ရေးဌာနရဲ့ လေ့လာစောင့်ကြည့်မှုအရ ညသန်းခေါင် အချိန်ကနေ မနက် ၇ နာရီအတွင်းမှာ ငလျင်လှုပ်ခတ်မှုတွေကို မှတ်တမ်းတင်နိုင်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ လှုပ်ခတ်မှုတွေထဲမှာတော့ မနက် ၄ နာရီ ၁၇ မိနစ်က မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွမ်ခရိုင် အနောက်မြောက်ဘက် ၁၅၉ ကီလိုမီတာလောက် အကွာမှာ တည်ရှိတဲ့ မြန်မာနိုင်ငံမှာ ဗဟိုပြုပြီးတော့ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၄ ဒသမ ၃ ရစ်ချ်တာစကေးအဆင့်ရှိတဲ့ ငလျင်က အပြင်းထန်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၈ ရက်က ထိုင်းနဲ့ မြန်မာနိုင်ငံတွေကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် ထိုင်းငလျင်စောင့်ကြည့်ရေးဌာနက ဒီကနေ့အထိ စုစုပေါင်း နောက်ဆက်တွဲငလျင်တွေ ၆၂၄ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။
အဲဒီထဲမှာတော့ ပြင်းအား ရစ်ချ်တာစကေး ၁ ကနေ ၂ ဒသမ ၉ ကြားရှိတဲ့ လှုပ်ခတ်မှု ၂၇၉ ခု၊ ရစ်ချ်တာစကေး ၃ ကနေ ၃ ဒသမ ၉ ကြားရှိတဲ့ လှုပ်ခတ်မှု ၂၄၂ ခု၊ ရစ်ချ်တာ စကေး ၄ ကနေ ၄ ဒသမ ၉ ကြားရှိတဲ့ လှုပ်ခတ်မှု ၈၆ ခုနဲ့ ရစ်ချ်တာစကေး ၅ ကနေ ၅ ဒသမ ၉ ကြားရှိတဲ့ လှုပ်ခတ်မှု ၁ ခုစီ ပါဝင်နေတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ဘန်ကောက်မြို့က ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့တဲ့ ပြည်နယ်စာရင်းစစ်ရုံး အဆောက်အအုံက ကယ်ဆယ်ရေး ဆောင်ရွက်မှုဆိုင်ရာ နောက်ဆုံးသတင်းကို ထုတ်ပြန်ခဲ့ပြီး ဧပြီ ၂၀ ရက်အထိ လူ ၁၀၃ ယောက် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီထဲမှာတော့ သေဆုံးသူ ၄၇ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၉ ယောက် ပါဝင်ပြီး အပျက်အစီးတွေထဲ ပိတ်မိနေတယ်လို့ ယူဆရတဲ့ လူ ၄၇ ယောက်ကို တာဝန်ရှိသူတွေက ဆက်လက်ရှာဖွေနေကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source : The Nation Thailand