DVB Logo
Home
မြန်မာသတင်း
လားရှိုးကိစ္စတွင် တရုတ်မကောင်းကြောင်း မပြောရန်၊ ကျေးဇူးရှင်ကို မစော်ကားရန် စစ်ခေါင်းဆောင်ပြော
DVB
·
April 21, 2025
လားရှိုးကိစ္စတွင် တရုတ်မကောင်းကြောင်း မပြောရန်၊ ကျေးဇူးရှင်ကို မစော်ကားရန် စစ်ခေါင်းဆောင်ပြော
Donate to DVB

တရုတ်ရဲ့ ညှိနှိုင်းပေးမှုကြောင့် လားရှိုးမြို့ကို ပြန်ရခဲ့တဲ့အတွက် ပြည်လည်တည်ဆောက်ရေး ကာလမှာ တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ တရုတ်မကောင်းကြောင်း မပြောကြဖို့နဲ့ ကျေးဇူးရှင်ကို မစော်ကားဖို့  စစ်ခေါင်းဆောင်က သတိပေး ပြောကြားလိုက်ပါတယ်။

ဧပြီ ၂၀ ရက် မနေ့က ပြင်ဦးလွင်တပ်နယ်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာဖြစ်ပြီး လားရှိုးမြို့အတွင်း တပ်နေရာချရေး ကိစ္စမှာ တရုတ်ကိုယ်စားလှယ် ဦးဆောင်နေတဲ့ကိစ္စကို ဝင်ရောက်စွက်ဖက်ပြောဆိုတာ မလုပ်ကြဖို့ ပြောဆိုခဲ့တာလို့ လပခနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

“လားရှိုးကိစ္စမှာ တပ်က မကျေနပ်တဲ့သူတွေ ရှိတယ်။ လားရှိုးကို တရုတ်က အုပ်ချုပ်နေသလို ခံစားရလို့ တခုခုဆို တရုတ်ကို အကြောင်းကြားပြီးမှ လုပ်ရမယ်ဆိုတော့ ဝေဖန်သူတွေလည်း ရှိတယ်။ ဒါကြောင့် မနေ့က ပြင်ဦးလွင်ကို တပ်ချုပ်ရောက်တော့ တရုတ်ကိုမဝေဖန်ဖို့၊ ကျေးဇူးရှင်ကို မစော်ကားဖို့ မှာတယ်ဆိုတာထက် သတိပေးတာ။”

ဧပြီ ၁၉ ရက်ကတည်းက လားရှိုးမြို့ကို ရောက်နေတဲ့ တရုတ်ကိုယ်စားလှယ် တိန့်ရှီကျွင်း ဦးဆောင်တဲ့အဖွဲ့ဟာ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးအဖွဲ့ကို ဖွဲ့ထားပြီး စစ်တပ်၊ ရဲ၊ စရဖနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ နေရာချပေးနေတယ်လို့ အဲဒီမှာရောက်နေတဲ့ ခမရတပ်ရင်းတခုက ပြောပါတယ်။

“ကစထမှူး ၁ ရော ကစထမှူး ၂ ရော ရောက်လာတဲ့ တပ်ရင်းမှူးတွေကို မှာတယ်။ တရုတ်ကိုယ်စားလှယ် အဖွဲ့က ပြောသမျှ နားထောင်ဖို့၊ လမ်းညွှန်ချက်တွေကို လိုက်နာဖို့၊ တကယ်လို့ တရုတ်အဖွဲ့ စိတ်ငြိုငြင်စရာ တခုခုလုပ်မိရင် စုံခုံစစ်ခံရမယ်။”

စစ်ရေးအရ မခန့်မှန်းနိုင်သေးတဲ့အတွက် လားရှိုးမြို့ကို ဌာနဆိုင်ရာရုံးတွေ အကုန်ပြန်မဝင်ကြသလို စစ်ရှောင်ပြည်သူတွေဟာလည်း မိမိတို့နေအိမ်ကို လာရောက်ကြည့်ရှုတဲ့ အဆင့်ပဲ ရှိသေးတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိအခြေအနေမှာ လားရှိုးမြို့ကို တရုတ်ကိုယ်စားလှယ်၊ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် MNDAA အဖွဲ့ သုံးပွင့်ဆိုင် အုပ်ချုပ်မယ့်ပုံစံမျိုးနဲ့ သွားမယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။

၂၀၂၄ ခုနှစ် သြဂုတ် ၃ ရက် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013