Home
မြန်မာသတင်း
ပြည်ပမှ ခွင့်ပြန်အလုပ်သမားအချို့ အချိန်မီပြန်မထွက်နိုင်သဖြင့် အလုပ်ပြုတ်
DVB
·
April 21, 2025

ပြည်ပကနေ ခွင့်နဲ့ပြန်လာတဲ့ အလုပ်သမားတချို့မှာ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာဖို့အတွက် ကန့်သတ်ချက်တွေကြောင့် အချိန်မီ လုပ်ငန်းခွင်မဝင်နိုင်ဘဲ အလုပ်ပြုတ်ရတဲ့ဖြစ်စဥ်တွေ ရှိနေတယ်လို့ သက်ဆိုင်ရာ အလုပ်သမားတွေဆီက သိရပါတယ်။

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) မရှိသေးတဲ့ ခွင့်ပြန်အလုပ်သမားတွေ အနေနဲ့ အလည်ပြန်ရင်း အဲဒီကတ်လုပ်ကာ လုပ်ငန်းခွင်ရှိတဲ့နိုင်ငံဆီ ပြန်ထွက်ဖို့ စီစဥ်ထားကြပေမဲ့ OWIC ကတ် ထုတ်ပေးဖို့ နှောင့်နှေးကြန့်ကြာမှုတွေကြောင့် အလုပ်အကိုင် ထိခိုက်မှုတွေပါ ကြုံလာရတာဖြစ်တယ်လို့ ဆိုပါတယ်။

စင်ကာပူနိုင်ငံကနေ ခွင့်နဲ့ပြန်ရောက်နေသူတယောက်က “ပေးထားတဲ့ခွင့်ရက်လည်း လနဲ့ချီ ကျော်နေပြီ။ OWIC ကတ်က မရတော့ ထွက်မရဘူး။ အလုပ်ကတော့ လုပ်ငန်းလိုအပ်ချက်အရ လူစားထိုးလိုက်ပြီလို့ အကြောင်းကြားလာတယ်။ ကိုယ့်ဘက်ကတော့ ဒီမှာကြုံနေရတဲ့ အခက်အခဲကို တင်ပြ တောင်းပန်ထားတာပဲ။ ဘာထပ်ဖြစ်မယ် မသိဘူး” လို့ ပြောပါတယ်။

မလေးရှားနိုင်ငံမှ ခွင့်ပြန်အလုပ်သမားတယောက်ကလည်း ခွင့်ရက်ကျော်ပြီး ပြန်မရောက်လို့ အလုပ်ဌာနကနေ အကြိမ်ကြိမ် ဆက်သွယ်သတိပေးခံနေရတယ်လို့ ဆိုပါတယ်။

“ဒီဘက်က ဘယ်လိုမှ ထွက်မရတော့ ဘာမှလုပ်မရဘူးလေ။ သူဌေးကိုတော့ နားလည်အောင် ပြောပြထားရတယ်။”

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အရင်က ခွင့်ပြန်အလုပ်သမားတွေကို အလုပ်ခွင့်စာ၊ မိသားစုဆီ လွှဲပို့ငွေ အထောက်အထား၊ ဝင်ငွေခွန် ပေးဆောင်ထားတဲ့ အထောက်အထား စတာတွေ ပြနိုင်ရင် OWIC ကတ် အမြန်ထုတ်ပေးပေမဲ့ မတ်လကစလို့ တခြား ပြည်ပထွက် အလုပ်သမားတွေနည်းတူ ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလလယ်က ပြည်ပထွက်မယ့် အလုပ်သမားတွေအတွက် OWIC ကတ် ထုတ်ပေးတဲ့ လုပ်ငန်းစဥ်ကို တလနီးပါး ရပ်နားခဲ့ပြီး အဲဒီကာလကစလို့ ခွင့်ပြန်ရောက်ရှိနေတဲ့ အလုပ်သမားတွေ ပြန်ထွက်မရဘဲ ပိတ်မိနေခဲ့တာ ဖြစ်တယ်လို့ အဲဒီ အလုပ်သမား အသိုက်အဝန်းဆီက သိရပါတယ်။

မတ် ၂၀ ရက်ကစပြီး OWIC ကတ်ကို အကန့်အသတ်နဲ့ ပြန်ထုတ်ပေးခဲ့ပြီး ရက်ပိုင်းအကြာမှာ စစ်ကိုင်းငလျင် လှုပ်ခတ်မှုကြောင့် စစ်ကောင်စီ အလုပ်သမားဝန်ကြီးရုံး ထိခိုက်ပျက်စီးခဲ့လို့ အဲဒီကတ် စိစစ်ထုတ်ပေးတဲ့ လုပ်ငန်းစဥ် ထပ်ပြီး ကြန့်ကြာနေရတာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024