DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ် နေရာအနှံ့ တိုက်ပွဲဖြစ်နေသဖြင့် အရေးပေါ်ကိစ္စမရှိဘဲ ခရီးမသွားကြရန် KNU သတိပေး
DVB
·
April 20, 2025
ကရင်ပြည်နယ် နေရာအနှံ့ တိုက်ပွဲဖြစ်နေသဖြင့် အရေးပေါ်ကိစ္စမရှိဘဲ ခရီးမသွားကြရန် KNU သတိပေး
Donate to DVB

ကရင်ပြည်နယ်၊ နေရာအနှံ့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်က အရပ်သား ပစ်မှတ်တွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်နေတဲ့အတွက် ကရင်ပြည်သားတွေနဲ့ တိုင်းရင်းသားပြည်သူတွေအားလုံး ကရင်ပြည်နယ်မှာ ခရီးမသွားလာကြဖို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုဌာနချုပ်က သတိပေး နှိုးဆော်ထားပါတယ်။

မိဘပြည်သူလူထုတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံရနိုင်တဲ့ အဆောက်အအုံတွေရဲ့ အဝေးမှာ နေထိုင်ဖို့နဲ့ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေအတွင်းကို အရေးပေါ် အကြောင်းကိစ္စမရှိဘဲ သွားလာခြင်းမပြုဖို့လည်း  အသိပေး ပန်ကြားထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက တိုက်လေယာဉ်တွေနဲ့ လက်နက်ကြီးတွေ ပြည်သူတွေကို အကြောင်းမဲ့ ပစ်ခတ်တာ၊ ရပ်ရွာအတွင်း ဘုန်းတော်ကြီးကျောင်းတွေ စာသင်ကျောင်းနဲ့  ပြည်သူတွေရဲ့ နေအိမ်တွေကို ပစ်ခတ်ဖျက်ဆီးနေတဲ့အတွက် တိုင်းရင်းသားပြည်သူတွေရဲ့ အသက်အန္တရာယ် အတွက် သတိပေးရတာလို့ KNU ပြောရေးခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။

သတင်းမီဒီယာသမားတွေ၊ ဒေသတွင်းတက်ကြွလှုပ်ရှားသူတွေအနေနဲ့ သတင်းရယူ တင်ဆက်ရာမှာ ပြည်သူလူထုတွေ ပုန်းရှောင် နေထိုင်တဲ့ နေရာတွေကို စစ်ကောင်စီတပ်က အလွယ်တကူရှာဖွေပြီး လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးတိုက်ခိုက်မှုတွေ မပြုလုပ်နိုင်ဖို့  သတိထား တင်ဆက်ဖို့လည်း KNU ကတိုက်တွန်းထားပါတယ်။

အခုရက်ပိုင်းအတွင်း ကော့ကရိတ်မြို့အနီးနဲ့ ကျုံဒိုးမြို့အနီးမှာ  စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး ကော့ကရိတ်မြို့နယ်တွင်းက ကျေးရွာတွေကို စစ်ကောင်စီက မြေပြင် လက်နက်ကြီးအပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၆ ယောက်ထက်မနည်း သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိထားပြီး သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေး တိမ်းရှောင်နေတာရှိသလို ထိုင်းဘက်ကို ထွက်ပြေးခိုလှုံကြသူတွေလည်း ရာနဲ့ချီရှိနေပါတယ်။

ဧပြီ ၁၇ ရက် မနက်က စစ်ကောင်စီက ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာနဲ့ သရက်တောကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သရက်တောကျေးရွာက ပြည်သူတယောက် သေဆုံးပြီး ကလေး ၂ ယောက် ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တဲ့အပြင် နေအိမ်တွေပါ ထိမှန်ပျက်စီးခဲ့ပါတယ်။

ဧပြီ ၁၅ ရက် မနက်ကလည်း ကမ်းနီကျေးရွာ၊ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၄ ယောက် အပါအဝင် ပြည်သူ ၆ ယောက် သေဆုံးပြီး သံဃာ ၃ ပါးနဲ့ ကိုရင် ၇ ပါး အပါအဝင် ပြည်သူ ၁၇ ယောက် မော်လမြိုင်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013